ပြည်ပသို့တင်ပို့မှုရှိ‌သော်လည်း ပြည်တွင်းပဲဈေးနှုန်းများ ကျဆင်း

ရန်ကုန်  ၁၀  နိုဝင်ဘာ

 

မြန်မာ့မတ်ပဲနှင့်  ပဲစင်းငုံများကို အဓိကတင်ပို့နေရသော အိန္ဒိယဈေးကွက်သို့  ပဲတင်ပို့ခွင့်ရနေ သော်လည်း ရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ဆက်လက်ကျဆင်းနေသည်ဟု ပဲဈေးကွက်‌ နေ့စဉ်ဈေးနှုန်းဖော်ပြချက်များအရ  သိရသည်။

 

အိန္ဒိယနိုင်ငံ၏  ၂၀၁၉-၂၀၂၀ တွင် ပဲမျိုးစုံတန်ချိန် (၂၁)သိန်းဝန်းကျင် ထွက်ရှိမည်ဟု ခန့်မှန်း ထားခဲ့‌သော်လည်း နှစ်လယ်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီး ဆုံးရှုံးမှုများရှိလာရာ ပဲမျိုးစုံအထွက်တန် ချိန်(၁၃)သိန်းဝန်းကျင်သာ ရှိနိုင်မည်ဟု ယင်းနိုင်ငံ၏ ပဲဈေးကွက်သတင်းများတွင် ဖော်ပြလာသည်။

 

၂၀၂၀‌ ပြည့်နှစ် အောက်တိုဘာ ၉ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ်(၁၂၀၀၀၀၀)အထိ လည်းကောင်း‌ အောက်တိုဘာ ၂၂ ရက်တွင် ပဲစင်းငုံနီ RC တစ်တန် ကျပ် (၁၀၀၆၀၀၀) အထိလည်းကောင်း မြင့်တက်ခဲ့သည်။ သို့သော် ပဲဈေးနှုန်းများပြန်လည်ကျဆင်းလာရာ ၂၀၂၀ နိုဝင်ဘာ ၁၀ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် (၁၀၉၀၀၀၀)၊ ပဲစင်းငုံနီ RC တစ်တန်ကျပ် (၉၁၀၀၀၀) နှုန်းတွင်သာရှိနေသည်။

 

အထက်ဖော်ပြပါ ရန်ကုန်ပဲဈေးနှုန်းများအနက် ၂၀၁၇ ခုနှစ် ဩဂုတ်လလယ် ရန်ကုန်ပဲဈေးကွက် ပျက်ပြားခဲ့သည့် ကာလမှစ၍ သုံးနှစ်ကျော်ကာလအတွင်း ပဲစင်းငုံဈေးနှုန်းသည် အမြင့်ဆုံးဖြစ်လာသည်။

 

၂၀၁၇ ခုနှစ် အောက်တိုဘာလလယ်တွင် ပဲစင်းငုံနီ RC တစ်တန် ကျပ် ၃၀၆၀၀၀ အထိ ကျဆင်းခဲ့ရာ ယခုနှစ် အောက်တိုဘာ ၂၂ ရက် ပဲစင်းငုံ RC ဈေးသည် သုံးနှစ်‌ကျော် ကာလအတွင်း သုံးဆဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်လာသည်။

 

အလားတူ မတ်ပဲ RC ဈေးနှုန်းသည် ၂၀၁၈ ခုနှစ် မေလ(၄)ရက်တွင် တစ်တန် ကျပ် (၃၈၂၀၀၀)နှုန်းရှိရာမှ၂၀၁၉ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်တွင် ကျပ် (၁၃၃၀၀၀၀)အထိ မြင့်တက်ခဲ့ပြီး ၂၀၂၀ အောက်တိုဘာ ၉ ရက်တွင် ကျပ်(၁၂)သိန်းရှိလာသည်ဟု ဈေးနှုန်းဟောင်းများနှင့် နှိုင်းယှဉ်ရာမှ သိရသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့့် ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်းပဲစိုက်ပျိုးထွက်ရှိမှု လျော့ကျသဖြင့် ပြည်ပမှ ပဲတင်သွင်းမှု များပြားခဲ့သည်။ သို့ဖြစ်ရာ  ရန်ကုန်ဈေးကွက်အတွင်း မတ်ပဲတစ်တန် ၂၀၁၅ ခုနှစ် စက်တင်ဘာလလယ်တွင် ကျပ်(၁၄)သိန်းဝန်းကျင်ရှိရာမှ တစ်လဝန်းကျင်အကြာ အောက်တိုဘာလ (၁၇)ရက်တွင် ကျပ် (၂၄၅၆၀၀၀)နှုန်းအထိ မြင့်တက်ခဲ့သည်။ ယင်းနှစ်အလွန် အဆိုပါနိုင်ငံအတွင်း ပဲထွက် ပိုမိုလာသဖြင့့် ၂၀၁၇ ခုနှစ် ဩဂုတ်လလယ်နောက်ပိုင်းတွင်ပြည်ပမှ အိန္ဒိယနိုင်ငံတွင်းသို့ ပဲတင်သွင်းမှုများကို ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ယင်းနိုင်ငံမှ ပိတ်ပင်ခဲ့သည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်မူ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းငါးသောင်းစီနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းတင်သွင်းခွင့်ပြုခဲ့သည်။ ၂၀၁၉-၂၀၂၀ တွင်မူ အလားတူတင်သွင်းခွင့်ပြုရာမှ မတ်ပဲတန်ချိန် လေးသိန်းအထိတင်သွင်းခွင့်ပြုလာသည်။ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တင်သွင်းခွင့်ပြုသည်ဟု ဆိုသော်လည်း ဩဂုတ်လကုန်အထိသာ တင်သွင်းခွင့်ပြုမည်ဟု အိန္ဒိ ယမှ မေလအတွင်းပြောင်းလဲ အသိပေးခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တင်သွင်းခွင့်ပြုမည်ဟု ထပ်မံပြောင်းလဲ အသိပေးမှု အောက်တိုဘာလအတွင်း  ရှိလာသည်။ သို့သော် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် တစ်သိန်း ဝန်းကျင်သာ တင်ပို့နိုင်သည်ဟု သိရသည်။

 

၂၀၂၀ ပြည့်နှစ် မိုးစပါးကြမ်းရိတ်သိမ်းအပြီး မြစ်ဝကျွန်းပေါ်ဒေသများတွင် သီးထပ်အဖြစ် မတ်ပဲ စိုက်ပျိုးကြရာ ယခုနှစ်တွင် မုန်တိုင်းမိုးရှိသဖြင့် မတ်ပဲစိုက်ပျိုးရာတွင် အချိန်‌နောက်ကျမှုများ ရှိလာရာ ၂၀၂၁ ခုနှစ် မတ်လကုန်အမီ အိ န္ဒိယသို့ တင်ပို့ရန် အခက်အခဲများရှိလာနိုင်သည်ဟု ပဲလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ပြောကြားသည်။

 

အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံတန်ချိန် လေးသိန်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်အထိ တင်သွင်း ခွင့်ပြုထားရာမှ ဒီဇင်ဘာ ၁၅ ရက်အထိ ပြောင်းလဲတင်ပို့ခွင့်ပြုလာသည်။ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအတွင်း ပဲစင်းငုံဈေးနှုန်းသည်အလေးချိန် တစ်ကီလိုလျှင် ရူပီးငွေ(၁၂၀) မှ (၁၀၀) သို့‌ ဈေးကျလာသည်ဟု ယင်းနိုင်ငံပဲဈေးကွက်သတင်းများအရ သိရသည်။ ပြည်ပသို့ ပဲတင်ပို့မှုရှိသော်လည်း‌ ဈေးနှုန်းများ ကျဆင်းနေမှုအ‌ပေါ်အမြင် အမျိုးမျိုးဖြင့်ပဲ‌‌လောကတွင်  ဝေဖန်ပြောဆိုမှုများရှိနေသည်ဟု သိရသည်။

 

ခင်ဆိုင်