ပြည်ပသို့ တင်ပို့ရောင်းချမှုကို ဖြေလျှော့ခွင့်ပေးပါက ပန်းပုအနုပညာလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်

မန္တလေး ၂ ဇန်နဝါရီ     

 

မြန်မာ့ပန်းဆယ်မျိုးဝင် လက်မှုအနုပညာရပ်ဖြစ်သည့် ပန်းပုလက်မှုပညာ ထုတ်ကုန်ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချမှုကို ဖြေလျှော့ခွင့်ပြုပေးပါက အဆိုပါလုပ်ငန်းများရပ်တည်မှုမှာ ဆက်လက် ရှင်သန်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့မှ အောင်နိုင်သူပန်းပုအနုပညာလုပ်ငန်းမှ ဦးမျိုးသန့်က ပြောကြားသည်။

 

လက်ရှိတွင် မန္တလေးမြို့ရှိ ပန်းပုလုပ်ငန်းများမှာ ပြည်ပဈေးကွက်ကို မှီခိုရောင်းချနေရသော်လည်း တင်ပို့မှု အခက်အခဲများကြောင့် ပြည်တွင်းတွင် ပြုလုပ်သည့် ပန်းဆယ်မျိုးဆိုင်ရာပြပွဲများတွင်သာ အားထားရောင်းချနေရကြောင်း သိရသည်။

 

“ပန်းထုထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာဝယ်ယူရင် အခက်အခဲမရှိပေမယ့် ပြည်ပက ဝယ်ယူတဲ့အခါမှာ ပို့ဆောင်ဖို့အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို နိုင်ငံတော်က ဖြေလျှော့ပြီး ပံ့ပိုးကူညီပေးစေလိုတယ်။ လက်ရှိပန်းပုဈေးကွက်အခြေအနေက အရောင်းအဝယ်အေးစက်နေတဲ့ အတွက် ဝင်ရောက်လုပ်ကိုင်သင်ယူမယ့် မျိုးဆက်သစ်တွေလည်း ရှားပါးနေတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်တော့်အထင်ပြောရရင် နောင်ဆယ်နှစ်လောက်မှာ မြန်မာ့ပန်းပုလုပ်ငန်းဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တယ်”ဟု ၎င်းက ပြောသည်။

 

လက်ရှိပန်းပုဈေးကွက်၌ ပြည်ပခရီးသွားများအနေဖြင့် သယ်ဆောင်ရလွယ်ကူသည့် ၂ ပေနှင့် ၃ ပေ အရွယ် ပန်းပုရုပ်အသေးများကိုသာ ဝယ်ယူပြီး ပြည်တွင်း၌ အလှဆင်ထားရှိရန် ဟိုတယ်များမှ ပန်းပုရုပ်အကြီးများကို ဝယ်ယူကြပြီး အင်းဝ၊ ရတနာပုံခေတ်လက်ရာဟန် ထုဆစ်ထားသည့် ရှေးဟောင်းဒီဇိုင်းပုံစံနတ်ရုပ်ထုများကို ဝယ်ယူမှုများပြားကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပန်းပုလုပ်ငန်းများနှင့်ပတ်သက်၍ ကုန်ကြမ်းအခက်အခဲ၊ ပြည်ပသို့ တင်ပို့မှု အခက်အခဲများကို ပံ့ပိုးကူညီဖြေလျှော့ပေးပါက မြန်မာ့ရိုးရာပန်းပုလုပ်ငန်းများ ဆက်လက် ရှင်သန်ဖွံ့ဖြိုးမှုနှင့်အတူ မျိုးဆက်သစ်ပညာရှင်များပေါ်ထွက်လာကာ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းသာမက ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် ရည်ရွယ်၍ ထုတ်ကုန်ပစ္စည်းပြပွဲများ ကျင်းပပေးလျက်ရှိသည့် အပြင် မြန်မာ့ရိုးရာလက်မှု အနုပညာလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရန် အတွက် အဆိုပါပြပွဲများတွင် မြန်မာ့ပန်းဆယ်မျိုး လက်မှုအနုပညာထုတ်ကုန်ပစ္စည်း ပြပွဲများကိုလည်း ထည့်သွင်း ကျင်းပပေးလျက်ရှိရာ လက်ရှိတွင် မန္တလေးမြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်