ပြည်ပနိုင်ငံများသို့စေလွှတ်မည့် စီးပွားရေးသံမှူးများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ အသုံးချရေး သင်တန်းဖွင့်လှစ်ပို့ချ

နေပြည်တော် အောက်တိုဘာ ၂၆

 

စီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏စီးပွားရေး အခြေအနေကိုသာမက ကမ္ဘာ့စီးပွားရေး အခြေအနေကိုပါ ခြုံငုံသိရှိထားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားသည်။

 

ယနေ့နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အသုံးချရေးသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိနိုင်ငံမှ အဓိကပို့ကုန် အလားအလာရှိသော ဈေးကွက်များ၊ ပို့ကုန်အမယ်သစ်များ တင်ပို့မှုဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပြီး မြန်မာ့ပို့ကုန်များအတွက် ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အခွန်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကို မျက်ခြေမပြတ် လေ့လာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ချိတ်ဆက်သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများတွင် တာဝန်ထမ်းဆောင်သည့်အခါ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ပြည်ပနိုင်ငံ (၁၂) နိုင်ငံသို့စေလွှတ်မည့် စီးပွားရေးသံမှူး (၁၆) ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်