တောင်ကြီး၊  ၁၈  ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် အမှတ် (၁၊ ၅၊ ၇) ရပ်ကွက်နှင့် ဟန်နား၊ မတ်ချီနူ၊ အီနိုင်း၊ ကောင်းကြဲ (အီ)၊ နမ့်တွန်း၊ နားကွမ်းလုံ၊ နားမခေါ်၊ ဟူးမွန်ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူ ၅၂၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၈ နံနက် ၁၁ နာရီခွဲက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြို့နယ်လဝကရုံး ဝန်ထမ်းများအနေဖြင့် (oss) အဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ (NRC) အဖွဲ့တို့ဖြင့် စီမံချက်ရေးဆွဲပြီး ဒေသအလိုက်၊ ကျေးရွာအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်လဝကအနေဖြင့် စီမံချက်မြောက်မြားစွာ ကွင်းဆင်း ဆောင်ရွက်ပေးနေသလို ကွင်းဆင်းသည့်အချိန်တွင် လာရောက် မဆောင်ရွက်နိုင်သူများ ကျန်နေပါက မြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက် လျှောက်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်သော်လည်းကောင်း၊ အိမ်ထောင်စုစာရင်းသော်လည်းကောင်း၊ မွေးဖွား၊ သေဆုံး၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်းတို့ကို သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ ပြည်သူ ၅၂၄ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

mdn