ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစား

 

နေပြည်တော် အောက်တိုဘာ ၃၀

 

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပသည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယနေ့တွင် ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၆) ဂိုး (၂) ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 

အောက်တိုဘာ ၃၁ ရက် ညနေ (၃) နာရီတွင် ကျန်ရှိသည့် ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းနှင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်