ပြင်ဦးလွင်၊ တာမွေနှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် မူးယစ်ဆေးများဖမ်းဆီးရမိ

 

 

နေပြည်တော်၊ မတ် ၂၇

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာအုပ်စု၊ ရွှေသင်းကျေးရွာ အနီးတွင်  မျိုးမင်းသန်း (ခ) ပေါက်စ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့နယ်၊ ဘော်ကျေးရွာအုပ်စု၊ ဘော်ကျေးရွာရှိ မခင်မိုးဝင်း (ခ) ချယ်ရီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၃၆၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ သမိန် ဗရမ်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ရဲထက်နိုင် (ခ) ကိုထွေးနှင့် ဝင်းမင်းထွေး (ခ) ကိုထွေးတို့ကို စစ်ဆေးရှာဖွေရာ အိုက်စ် သုည ဒသမ ၈၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၇၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

မတ် ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ ခိုင်သဇင်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သက်နိုင် (ခ) နိုင်နိုင်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀  ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား