ပင်းတယမြို့နယ်၌ နဂါးမောက်သီးများ လှိုင်လှိုင်ထွက်ရှိ

၁၉ ဇွန်


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရပ်ကွက်ကျေးရွာ အများအပြား၌ စိုက်ပျိုးထားသော နဂါးမောက်ခြံများရှိ နဂါးမောက်သီးများ ဇွန်လ ဒုတိယပတ်တွင် လှိုင်လှိုင်ထွက်ရှိလျှက်ရှိသည်။ အဆိုပါ နဂါးမောက်သီးများကို စတင်စိုက်ပျိုးရာတွင် ပထမဦးစွာ စိုက်ပင်များ ခိုင်ခံရန်အတွက် အုတ်တိုင် ဖြင့်ပြုလုပ်ကာ နဂါးမောက်အပင်မျိုးကိုင်းများကို အုတ်တိုင်တစ်တိုင်၏ ခြေရင်းတွင် သင့်တော်သော အနေအထား ဖြင့် စိုက်ပျိုးကြပါသည်။ မျိုးကိုင်းကို စတင်စိုက်ပျိုးသည့် ရက်မှစ၍ (၈)လနှင့် (၁)အတွင်းတွင် ပန်းပြသီးအဖြစ် ထွက်ရှိပြီး (၂)နှစ်အတွင်းတွင် စီးပွားဖြစ်ရောင်းချနိုင်သော နဂါးမောက်သီးများ လှိုင်လှိုင်ထွက်ရှိကြောင်း သိရှိရပါသည်။ 

 

1

 


နဂါးမောက်ပင်၏ သဘာဝအားဖြင့် မြေဆီမြေဩဇာ စားသုံးနိုင်မှု အခြေအနေသည် မြင့်မားပြီး အပင်၏အမြစ်များမှာ မြေအောက်ကို (၈)လက်မခန့်သာ ဆင်းပါသည်။ နဂါးမောက်ပင်သည် အလင်းရောင် နာရီများစွာ ရရှိရန်လို အပ်ပြီး အလင်းရောင် ကောင်းစွာ မရရှိပါက အပွင့်အသီး မဖြစ်ထွန်းနိုင်ဘဲ လေဝင်လေထွက်ကောင်းမွန်ပါက အသီးများ လှိုင်လှိုင်ထွက်ရှိမည် ဖြစ်ပါသည်။ နှစ်ရှည်ခံပင်လည်း ဖြစ်ပါသည်။ နဂါးမောက်သီးအား အအေးလွန်သော ရာသီတွင် ကြက်ချေးနှင့် ပုလဲကျွေး၍ ရေသွင်းပေးခြင်း၊ ပူလွန်းသည့် ရာသီတွင် ရေသွင်းပေးခြင်းနှင့် အပူကာ ဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးသင့်ပါသည်။ 


ပင်းတယမြို့မှ ထွက်ရှိသော နဂါးမောက်သီးများကို ပင်းတယမြို့မှတဆင့် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပြီး စီးပွားရေးများ အဆင်ပြေလျက်ရှိပါ သည်။ 


ပင်းတယမြို့ ရွာငယ်ရပ်ကွက်ရှိ နဂါးမောက်ခြံစိုက်ပျိုးထားသော ခြံပိုင်ရှင်ဖြစ်သည့် ဒေါ်စန်းစန်းရည် က နဂါးမောက်သီး စိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကာ ထွက်ရှိလာသည့် နဂါးမောက်သီးများကို ရောင်းချမည်ဆိုပါကလည်း ယနေ့ ဈေးကွက်အရ တစ်လုံးကို (၁၀ဝ၀)ကျပ် ဖြင့်ရောင်းရလျက်ရှိပြီး အပင်တစ်ထောင်လျှင် တစ်ကြိမ်ခူးယူပါက အလုံး(၅၀ဝ)ထွက်ရှိပြီး တစ်နှစ်ပတ်လုံးတွင် (၈)ကြိမ်ထိ ခူးဆွတ်ရရှိသည့်အတွက် တောင်သူများအနေဖြင့် စီးပွားဖြစ်တွက်ခြေကိုက်သည့်အတွက် နဂါးမောက်ပင် စိုက်ပျိုးသင့်ကြောင်း အကြံပြုပြောကြားပါသည်။ 


မိုးမိုးထွေး(ပင်းတယ)