ပင်းတယမြို့နယ်၌ ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးထားသည့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပင်းတယ ဖေဖော်ဝါရီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံ နေကြာစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ (၄၇၈၅)ဧကနှင့် ဆောင်းနေကြာ ဧက (၁၁၅၀) လျာထားလျက်ရှိရာ မိုးနေကြာ (၄၇၈၇) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် အထွက်နှုန်း (၃၅ ဒသမ ၂၂) တင်း ထွက်ရှိခဲ့ကြောင်း၊ ဆောင်းရာသီတွင်နေကြာသီးနှံ ဧက (၁၁၅၀)စိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအထိ နေကြာ (၅၁၈)ဧက ရိတ်သိမ်းကာ တစ်ဧကလျှင် အထွက်နှုန်း (၃၆ ဒသမ ၅၂)တင်း ရရှိ၍ ကျန်ရှိသောဧကများမှာ ပန်းများပွင့်နေဆဲဖြစ်ကြောင်း သိရသည်။

 

ပင်းတယမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော နေကြာသီးနှံ အိန္ဒိယမျိုး မျိုးစေ့ထုတ်ခြင်းကို တောင်ရှည်ကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုများမှ ကျေးရွာ(၃)ရွာရှိ တောင်သူများနှင့်ပူးပေါင်း၍ ဧက(၃၀၀) စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Solor Station (၅)ခုတွင် တောင်သူ(၈၀)၊ စိုက်ဧက (၂၀၀)အထိ ရေပေးသွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နေကြာသီးနှံ အောင်မြင်စွာ စိုက်ပျိုးနိုင်စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားသုံးမှုဖူလုံ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်စေရန်အတွက် အကျိုးဆောင် တောင်သူများနှင့်ပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်စေရန်အတွက် မျိုးစေ့ထုတ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့်  ဆီဖူလုံမှုရာခိုင်နှုန်းမှာ (၂၂၈ ဒသမ ၈၇)ရာခိုင်နှုန်းရှိပြီး ဒေသခံတောင်သူများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အောင်ကိုဦး(ပြန်/ဆက်)