ပွင့်ဖြူမြို့နယ်၌ တိုင်ထောင်ပဲသီးနှံ ဈေးကောင်းရရှိ၍ တောင်သူများ အားထားစိုက်ပျိုး

ပွင့်ဖြူ   နိုဝင်ဘာ   ၂၄

 

 

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို အမှီပြု၍ ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် တိုင်ထောင်ပဲသီးနှံမှာ ဈေးကောင်းရရှိနေ၍ တောင်သူများက ပိုမိုအားထား စိုက်ပျိုးရေးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။

 

 

 

တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး အချိန်တစ်လကြာပါက စတင်ဆွတ်ခူးရောင်းချရပြီး စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့် တစ်ပင် အနည်းဆုံး တစ်ထောင်အကွာ စိုက်ပျိုးရကြောင်း၊ အသီးအပွင့်များ မတင်မီ တိုင်ထောင်ခြင်းလုပ်ငန်းအား ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း သိရသည်။

 

 

 

တိုင်ထောင်ပဲသီးနှံ အပင်ရေ အနည်းဆုံး ၇၀၀၊ ၈၀၀ ခန့် စိုက်ပျိုးထားမယ်ဆိုရင် နှစ်ရက်ခြား တစ်ကြိမ်လျှင် ပိဿာချိန် ၁၀၀ ကျော် ဆွတ်ခူးရောင်းချရပါတယ်။ လက်ရှိ ဈေးနှုန်းကတော့ တစ်ပိဿာကို ငွေကျပ် ၁၄၀၀ ၊ ၁၅၀၀ လောက် ရောင်းချရပါတယ်။ အပင်ပြုစုပျိုးထောင်မှုအပေါ် မူတည်ပြီး အနည်းဆုံး သုံးလလောက် ဆွတ်ခူး ရောင်းချရပါတယ်။ ဒါ့ကြောင့် တိုင်ထောင်ပဲသီးနှံဟာ စိုက်ပျိုးစရိတ် ကုန်ကျမှုနည်းပြီး ဝင်ငွေတွက်ခြေကိုက်တဲ့ သီးနှံဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။

 

 

 

ရဲဝင်းနိုင်(ညောင်ဦး)