ပွင့်ဖြူမြို့နယ်၌ တောင်သူများ ငှက်ပျောစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းကျဆင်းနေမှုကြောင့် သီးနှံဝင်ငွေနည်းပါး

ပွင့်ဖြူ ဧပြီ ၁၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ရောင်းချရာ၌ ဈေးနှုန်းကျဆင်းနေသည့်အတွက် သီးနှံဝင်ငွေနည်းပါးပြီး လုပ်ငန်းအခက်ကြုံတွေ့ကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူများထံက သိရသည်။

 

 

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

“ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက စားသုံးသူအကြိုက်တွေ့ကာ ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထားစိုက်ပျိုးကြပါတယ်။ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက ကျွန်တော်တို့ဒေသမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ခါတိုင်းနှစ်တွေက  ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် (၁၀၀၀၊ ၁၂၀၀) နှုန်း ရောင်းချရတယ်။ ဒီနှစ်မှာ ငှက်ပျောတစ်ဖီးကို ငွေကျပ် (၆၀၀၊ ၇၀၀)နှုန်းပဲ ရောင်းချနေရတော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းပေမယ့် စိုက်ပျိုးစရိတ် အရင်းအနှီးက အကုန်အကျများပြီး တွက်ခြေမကိုက်ဘူးဗျ။ ငှက်ပျောဈေးကွက် မကောင်းတဲ့အတွက် စိုက်ပျိုးတောင်သူတွေရော၊ တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်းအဆင်မပြေကြပါဘူး။ မိသားစုစားဝတ်နေရေးကြောင့်သာ လုပ်ကိုင်နေကြရပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူ ဦးကျော်ဆန်းက ပြောသည်။  

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)