ပွင့်ဖြူ ၂၃ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု လက်မှုလုပ်ငန်းဖြစ်သည့် ယိုးဒယား လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဈေးခြင်းတောင်းနှင့် ထမင်းချိုင့်ထည့်သည့် လက်ဆွဲခြင်းများကို ပြုလုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြောင်း ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ယိုးဒယားခြင်းအမျိုးမျိုး ပြုလုပ်ရောင်းချသူ အမျိုးသမီးတစ်ဦးထံက သိရသည်။

 

အိမ်တွင်းမှု လက်မှုလုပ်ငန်းသည် ယခုလို ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် မိသားစုအပိုဝင်ငွေရရှိ၍ များစွာအကျိုးရှိသည့် ဝင်ငွေတိုးလုပ်ငန်းတစ်ခုဖြစ်ကာ အဆိုပါ အိမ်တွင်းမှုလုပ်ငန်းကို များသောအားဖြင့် အမျိုးသမီး အများစုက စိတ်ဝင်တစ်စား သင်ယူလေ့လာကြပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေး ဆောင်ရွက်လုပ်ကိုင်ကြကြောင်း သိရသည်။ အိမ်တွင်းမှုလက်မှုလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယိုးဒယားလက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဈေးခြင်းတောင်း၊ ထမင်းချိုင့်သည့်လက်ဆွဲခြင်း အမျိုးမျိုးကို ဆန်းသစ်တီထွင်၍ တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ မစောအေးမွန်လတ် ထံက သိရသည်။

 

ကျွန်မက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှာ နေပါတယ်။ ခုလို ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ အိမ်တွင်းမှုလုပ်ငန်းဟာ မိသားစုအပိုဝင်ငွေရရှိတဲ့အတွက် လုပ်ကိုင်ရတာ အဆင်ပြေပါတယ်။ ကျွန်မကတော့ ယိုးဒယားက ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို မှာယူပြီးတော့ ယိုးဒယားလက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဈေးခြင်းတောင်း၊ ထမင်းချိုင့် စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပုံသဏ္ဍာန်အမျိုးမျိုး ဆန်းသစ်တီထွင်ပြီး တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချ ပါတယ်။ ဒီ အိမ်တွင်းမှု လက်မှုပညာကို တတ်မြောက်ချင်တဲ့သူတွေကိုလည်း နည်းပညာတွေ မျှဝေသင်ကြားပေးနေပါတယ်။ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချတဲ့ ပစ္စည်းတွေကတော့ တစ်မျိုးပြုလုပ်ရင် အရင်းအနှီးက အနည်းဆုံး ငွေကျပ် ၃၀၀၀၊ ၄၀၀၀ လောက် ရှိပါတယ်။ ရောင်းချပေးတဲ့ ဈေးနှုန်းကတော့ ပစ္စည်းအကြီးအသေးပေါ်မှာ မူတည်းပြီး အနည်းဆုံး ငွေကျပ် ၅၀၀၀ မှ ၆၀၀၀ ဝန်းကျင်ခန့် ရှိပါတယ်။ ဝယ်ယူချင်တဲ့သူတွေအနေနဲ့ စိတ်ကြိုက်မှာယူချင်တယ်ဆိုရင်လဲ ကိုယ်လိုချင်တဲ့ ပစ္စည်းပုံသဏ္ဍာန်ကို မှာယူလို့ ရပါတယ်။ ယခုလို ကိုဗစ် -  ၁၉ ရောဂါဖြစ်ပွားတဲ့အချိန်မှာ အိမ်မှာနေရင်း မိသားစုဝင်ငွေရရှိစေတဲ့ အိမ်တွင်းမှု လက်မှုလုပ်ငန်း ယိုးဒယားခြင်း အမျိုးမျိုး ယက်လုပ်ရောင်းချခြင်းလုပ်ငန်းဟာ အရမ်းအဆင်ပြေပါတယ် ဟု ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ယိုးဒယားခြင်းအမျိုးမျိုး ယက်လုပ်ရောင်းချသူ မစောအေးမွန်လတ် က ပြောသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)