ပွင့်ဖြူမြို့နယ်၌ ခရမ်းစိမ်းသီးနှံစိုက်ပျိုးတောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ၊ ၂၀ ဇန်နဝါရီ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင် ဒေသခံတောင်သူ များ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ခရမ်းစိမ်းသီးနှံ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိသော ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ယခုနှစ်တွင် မြေအောက်ရေဖြင့် ဆောင်းသီးနှံ အဖြစ် စိုက်ပျိုးသည့် ခရမ်းစိမ်းသီးနှံမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင် ခရမ်းစိမ်းတစ်လုံးလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချရသဖြင့် စီးပွားရေးတွက်ခြေကိုက်ကာ လုပ်ငန်းအဆင်ပြေနေကြကြောင်း အဆိုပါကျေးရွာရှိ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးတောင်သူ တစ်ဦးထံက သိရသည်။

ဟင်းသီးဟင်းရွက်သီးနှံများတွင် ခရမ်းစိမ်းသီးနှံသည် ဒေသရာသီဉတုနှင့် ကိုက်ညီမှုရှိသည့်အတွက် နှစ်စဉ် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ ခရမ်းသီးနှံတွင် ခရမ်းစိမ်းနှင့် ခရမ်းညို ဟူ၍ (၂)မျိုးရှိကာ ခရမ်းစိမ်းသီးနှံမှာ ခရမ်းညိုသီးနှံထက် သီးနှံစိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာသည့်အပြင် ရာသီဉတုဒဏ်ခံနိုင်ရည် ရှိသဖြင့် တောင်သူများအစုက အားထားစိုက်ပျိုးကြကြောင်း၊ ခရမ်းညိုသီးနှံမှာ စားသုံးသူပိုမိုအကြိုက်တွေ့သည့် သီးနှံဖြစ်၍ ဈေးကွက်တွင် ခရမ်းညိုသီး တစ်လုံးလျှင် ငွေကျပ် ၂၅၀၊ ၃၀၀ ခန့် ရောင်းချရကြောင်း၊ သို့သော် ခရမ်းညိုသီးနှံစိုက်ပျိုးရာတွင် စနစ်တကျပြုစုရခြင်း၊ အသီးများ သီးသည့်အခါတွင် အပင် ထိခိုက်မှုမရှိစေရေး အတွက် အတန်းလိုက်တိုင်များစိုက်ပြီး ပြုစုရ၍ စိုက်ပျိုးမှုကုန်ကျစရိတ်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်း ကျေးရွာမှ ခရမ်းသီးနှံစိုက်ပျိုးတောင်သူ ဦးသန်းထွန်းဦးက ပြောပြသည်။

ယခုနှစ်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ခရမ်းစိမ်းသီးနှံမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသည့် အတွက် စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

ရဲဝင်းနိုင်(ပြန်/ဆက်)