ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧက ပိဿာချိန် ၇၀၀ ကျော်ထွက်ရှိ

ပွင့်ဖြူ ဖေဖော်ဝါရီ ၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် တစ်ဧက ပိဿာချိန် ၇၀၀ ကျော်ထွက်ရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို ဒေသခံတောင်သူများက စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ငရုတ်သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (GAP) စနစ် အခြေခံစိုက်ပျိုးရေးနည်းပညာများကို တောင်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ စီးပွားဖြစ်စိုက်ပျိုးတဲ့ ငရုတ်စိုက်ခင်းတွေက စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ ငရုတ်သီးနှံများ ဆွတ်ခူးရောင်းချနေရပြီ ဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ငရုတ်သီးနှံ ပိဿာချိန် ၇၅၀ ပိဿာ ထွက်ရှိပါတယ်။ ငရုတ်သီးနှံက စိုက်ပျိုးပြီး (၂)လခွဲလောက်ဆိုရင် စတင်ဆွတ်ခူးရောင်းချရတာ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီမှာ ငရုတ်သီးနှံစိုက်ပျိုးမှုက တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးထားရှိပြီး ယနေ့အထိ ငရုတ်သီးနှံ ၇၂၀ ဧက ဆွတ်ခူးပြီးစီးသွားပြီ ဖြစ်ပါတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာ ငရုတ်သီးနှံက ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက နှစ်စဉ် အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငရုတ်သီးနှံက သာမို - ၁၁ ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကလော်အော်သီး ငရုတ်မျိုးကိုလည်း စိုက်ပျိုးကြပါတယ်။ တောင်သူတွေကိုလဲ စားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် GAP စိုက်ပျိုးရေး နည်းစနစ်နဲ့ သွင်းအားစုပစ္စည်း အသုံးပြုပုံ နည်းစနစ်တွေကို သိရှိလိုက်နာနိုင်စေဖို့ ကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေအကျိုးအမြတ်ရှိသည့် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံများတွင် ငရုတ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိကာ ငရုတ်သီးအထွက်နှုန်းများ ကောင်းမွန်ခဲ့၍ ရောင်းချရာတွင်လည်း ဈေးကောင်းရရှိခြင်းကြောင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)