ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဧက ၈၀ ခန့် ရိတ်သိမ်းပြီးစီး 

ပွင့်ဖြူ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဆောင်းသီးနှံနေကြာစိုက်ဧက နှစ်သောင်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်လျက် ရှိရာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယနေ့အထိ ဆောင်းနေကြာစိုက်ဧက ၈၀ ခန့် ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန် ရည်ရွယ်ပြီးတော့ တစ်မြို့နယ်လုံး ဆောင်းနေကြာသီးနှံစိုက်ဧက ၂၆၇၅၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်းနေကြာသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ဆောင်းနေကြာ ၁၂၈၀၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ အားထားစိုက်ပျိုးတဲ့ ဆောင်းနေကြာသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ တစ်ချို့ ဆောင်းနေကြာ စိုက်ခင်းတွေက တောင်သူတွေ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ပြီး ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုဧက ၈၀ ခန့် ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ပါတယ်။ တစ်ဧကသီးနှံအထွက်နှုန်းအနေနဲ့ဆိုရင် ၁၉ ဒသမ ၂၄ တင်းခန့် ထွက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။ 
 
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့် ဆီထွက် သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနှင့် ဆောင်းရာသီကာလများတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထိုသို့ နေကြာသီးနှံစိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်းနေကြာသီးနှံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )