ပွင့်ဖြူမြို့နယ်၌ ဆောင်သီးနှံ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၄၉ တင်းကျော်ခန့် ထွက်ရှိ

ပွင့်ဖြူ မတ် ၁၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ယခု ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး ဆီထွက်သီးနှံ မြေပဲစိုက်ဧက ၂၉၃၈ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၄၉ တင်းကျော်ခန့် ထွက်ရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်၊ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန်နဲ့ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံစုံဧက ၃၁၃၄၇ ဧက  လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ပါတယ်။ မြေပဲသီးနှံကတော့ ၄၃၅ ဧက လျာထားစိုက်ပျိုးခဲ့ရာမှ မြေပြင်စိုက်ဧက ၂၉၃၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက်ကြောင့် မြေပဲစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧက မြေပဲတောင့်တင်းရေ ၄၉ ဒသမ ၆၅ တင်းခန့် ထွက်ရှိပါတယ်။ မြေပဲဈေးကလဲ လက်ရှိမှာ မြေပဲတောင့်တစ်တင်းကို ငွေကျပ် ၃၅၀၀၀၊ မြေပဲဆန်တစ်တင်းကို ငွေကျပ် ၁၁၅၂၀၀ ဈေးနဲ့ ရောင်းချရလို့ ဈေးကောင်းရရှိပြီး ဒေသတွင်းရှိ မြေပဲစိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေနေကြပါတယ်။ ယခုလို ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ‌ တိုးပွားစေဖို့အတွက် ဆောင်းမြေပဲစိုက်ပျိုးရေးနည်းစနစ်များကို နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက လယ်ယာမြေစိုက်ခင်းများအရောက် ကွင်းဆင်းပြီးတော့ တောင်သူပညာပေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလတွင် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကောင်းရရှိသည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ စိုက်ပျိုးရေပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ယခုနှစ်တွင် ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး လှိုင်လှိုင်သိမ်းဆည်းနေကြကာ မြေပဲအထွက်နှုန်းများ ကောင်းမွန်၍ ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်းနှင့် ယနေ့အထိ ဆောင်းမြေပဲစိုက်ဧက ၁၄၅၅ ဧက ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း ပွင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)