ဂန့်ဂေါ ၂၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် စိုက်ပျိုးလေ့ရှိသည့် ဖီးကြမ်းငှက်ပျောမျိုးများကို သယ်ယူ၍ ဂန့်ဂေါမြို့နယ်တွင် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
"ငှက်ပျောက တစ်ဧကကို အပင် ၈၀၀ ကနေ ၁၀၀၀ လောက် စိုက်ပါတယ်။ ငှက်ပျော တစ်ဖီး ဒေသပေါက်ဈေး ၁၅၀၀ ကျပ်လောက်ရှိတော့ အနည်းဆုံး ၆ ဖီးပါ ငှက်ပျောတစ်ခိုင် ထွက်ရင် ငှက်ပျောတစ်ပင်ကို ၉၀၀၀ ကျပ်နှုန်း ဝင်ငွေရပါတယ်" ဟု ကျွန်းဒတ်ကျေးရွာမှ ငှက်ပျောစိုက် တောင်သူတစ်ဦးက ပြောပြသည်။
ယခင်နှစ်များက ဂန့်ဂေါမြို့နယ် ကျွန်းခုံသာကျေးရွာတွင် တောင်သူတစ်ဦးမှ စိုက်ပျိုးအောင်မြင်ခဲ့ရာ ယခုနှစ် ကျွန်းဒတ်ကျေးရွာ၌ ပွင့်ဖြူမြို့နယ်မှ ဖီးကြမ်းငှက်ပျော မျိုးများကို ဝယ်ယူ၍ အပင် ၄၀၀၀ ကျော်၊ စိုက်ဧက ၅ ဧက ခန့် စိုက်ပျိုးခဲ့ကြောင်း၊ ငှက်ပျောတစ်ပင်ဈေးနှုန်း စိုက်ခင်းအရောက် ၇၀၀ ကျပ်ခန့် ကျသင့်ကြောင်းနှင့် ယခုအခါ အောင်မြင်ဖြစ်ထွန်းနေပြီး ငှက်ပျောခိုင်များ ထွက်တော့မည် ဖြစ်ကြောင်း သိရသည်။
ငှက်ပျောတွင် ကျရောက်တတ်သည့် ပင်စည်ထိုးကျိုင်းနှင့် ရွက်ခြောက်ရောဂါကို ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများနှင့် တောင်သူများ တွေ့ဆုံဆွေးနွေး ပညာပေးနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော် ပြောပြချက်အရ သိရသည်။
(၁၄၄)