ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံမှ မျိုးစပါးတင်းရေ ၉၀၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့

ပွင့်ဖြူ၊ ၂ ဖေဖော်ဝါရီ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  စိုက်ပျိုးရေးဦးစီးဌာန  မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံ တောင်သူများ သီးနှံဝင်ငွေ တိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး စပါးမျိုးကွဲ သုံးမျိုးအား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မျိုးစပါးတင်းရေ ၉၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့ မျိုးသန့်ခြံမှ ခြံတာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။ 


နှစ်စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးတက်ကောင်းမွန် စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးမျိုးကွဲ သုံးမျိုး မျိုးသန့်မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးပေးမှုများနှင့် စပ်လျဉ်းပြီး ဦးအောင်ချစ်က ပြောပြသည်။ 


“ကျွန်တော်တို့ ပွင့်ဖြူမြို့မျိုးသန့်ခြံမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှာရှိတဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူဦးကြီးများ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး စပါးမျိုးကွဲ သုံးမျိုးကို စိုက်ပျိုးထုတ်လုပ်ပြီး ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကုလားပဲ မျိုးကောင်းမျိုးသန့်များဖြစ်တဲ့ (ရေဆင်း-၆) နှင့် (ရေဆင်း-၁၂) မျိုးများကိုလည်း ဖြန့်ဖြူးဆောင်ရွက်ပေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ မျိုးစပါး စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုအနေဖြင့် နွေစပါးရာသီမှာ မျိုးစပါးတင်းရေ ၂၀၀၀ နဲ့ မိုးစပါးရာသီမှာ မျိုးစပါးတင်းရေ ၇၉၀၀ ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။  လာမည့် မိုးရာသီ ကာလမှာလည်း နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အပြည့်အဝ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ပွင့်ဖြူမြို့ မျိုးသန့်ခြံမှ ခြံတာဝန်ခံ ဦးအောင်ချစ်က ပြောပြသည်။   


ရဲဝင်းနိုင်(ပြန်/ဆက်)