ပွင့်ဖြူ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ)က ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် လယ်ယာမြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်း)သဘာဝမြေဩဇာ ဧက ၃၀ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ဒေသတွင်းရှိ တောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးနှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ်မျိုးစေ့ထုတ် လယ်ယာမြေဧက ၁၂၀ တွင် စပါး ၊ ကုလားပဲ ၊ နေကြာမျိုးစေ့ထုတ် စိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုး၍ ထွက်ရှိလာသော မျိုးစေ့များကို စနစ်တကျ သန့်စင်ပြီး စိုက်ပျိုးလိုသော တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
နှစ်စဉ်မိုးရာသီနှင့် ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်များတွင် တိုင်းဒေသကြီးရှိ မြို့နယ် ၂၅ မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူဦးကြီးများကို သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်ပြီး စပါး၊ ကုလားပဲ၊ နေကြာ စသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုး၍ ရရှိလာသည့် မျိုးသန့်မျိုးစေ့များကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများ ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ယခုနှစ် ဆောင်းသီးနှံရာသီတွင် ပိုက်ဆံလျှော် (သစ်စိမ်း)သဘာဝ မြေဩဇာ ဧက ၃၀ ကို စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း၊ ပိုက်ဆံလျှော် (သစ်စိမ်း)သဘာဝမြေဩဇာ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုခြင်းကြောင့် ဒေသတွင်းရှိ တောင်သူများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်စေလိုကြောင်း ပွင့်ဖြူမြို့စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ) တာဝန်ခံဦးအောင်ချစ်က ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)