ပင်လောင်း၊ ၃၀ ဒီဇင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာ၌ ဆောင်းသီးနှံအဖြစ်စိုက်ပျိုးသည့် ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။
ပင်လောင်းမြို့နယ်အတွင်းတွင် စိုက်ပျိုးရေးတောင်သူများက အာလူး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ဂျင်း၊ အစေ့ထုတ်ပြောင်း၊ ဥယာဉ်ခြံများ စိုက်ပျိုးကြပြီး ဆောင်သီးနှံအဖြစ် ကြက်သွန်ဖြူများကို အများအပြား စိုက်ပျိုးလျက်ရှိသည်။
“ကြက်သွန်ဖြူစိုက်ခင်းကတော့ ကောင်းနေပြီ။ အခု ကြက်သွန်ဈေးက ကျပ် ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်။ ဒီနှစ် ဘာပဲစိုက်စိုက် ဈေးကောင်းသိပ်မရဘူး။ ကြက်သွန်ဖြူကို အစို ကျပ် ၁၅၀၀ နဲ့ ရောင်းရမှ အမြတ်ကျန်တယ်။ အခြောက်ဆိုရင်တော့ ကျပ် ၂၀၀၀ ကျော်မှ အမြတ်ကျန်တယ်” ဟု ဘုရားဖြူ ကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူ ဒေါ်ဒုတ်ချောက ပြောပြသည်။
ကြက်သွန်ဖြူသည် ဆောင်သီးနှံဟုဆိုသော်လည်း ရေးသွင်းစိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
ကြက်သွန်ဖြူစိုက်ပျိုးရာတွင် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကျပ်သိန်း ၃၀ ကျော်အထိ ကုန်ကျ လျက်ရှိသည်။ ပင်လောင်းမြို့နယ်အတွင်း၌ ကြက်သွန်ဖြူကို ဘီးလူးချောင်းအနီးတစ်ဝိုက်တွင် စိုက်ပျိုးကြပြီး အချို့တောင်သူများက အဝီစိရေတွင်းများတူး၍ စိုက်ပျိုးကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


