ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တပေါင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

နမ့်ဆန် ဖေဖော်ဝါရီ ၂၇ 

 

ရှမ်းပြည်နယ်  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   နမ့်ဆန်မြို့နယ်တွင်  တပေါင်းပွဲတော်အား  ခေတ်အဆက်ဆက် စော်ဘွားများလက်ထက်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ နှစ်ပေါင်း(၁၀၀)ကျော် ရှိပြီဖြစ်ပြီး ယခုနှစ်တွင် မတ်လ ၃ ရက်မှ ၅ ရက်ထိ တပေါင်းပွဲကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တပေါင်းပွဲတော်ကာလ လပြည့်နေ့တွင် မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ဆွမ်း၊ ရေချမ်း၊ ပန်း၊ သစ်သီးများ ကပ်လှူခြင်း၊ ဆီမီး၊ မုန့်မျိုးစုံကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်ပြီး သံဃာတော်အရှင်သူမြတ်များက လာရောက်သော ပရိသတ်များအား သီလပေးခြင်း၊ ဥပုသ်သီတင်းများ ဆောက်တည်ခြင်းတို့ ပြုလုပ်ကြသည်။

 

အဆိုပါ တပေါင်းပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ကုန်ရောင်းသူများ၊ ဘုရားဖူးသူများ၊ စည်ကားလျက်ရှိပြီး ဘုရားဈေးဆိုင်ခန်းများလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

 

နမ့်ဆန်ဒေသ(ပြန်/ဆက်)