ပလောက် ဖေဖော်ဝါရီ ၁၉

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ သီဟိုဠ်ပင်များကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ သီဟိုဠ်စေ့စျေးနှုန်းများ စျေးကွက်အတွင်း ယခင်နှစ်ကထက် ယခုနှစ်တွင် စျေးကောင်းရရှိ၍ တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနေကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

 

နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည့် သီဟိုဠ်ပင်များကို ပလောက်မြို့အတွင်းရှိ ကျေးရွာများအပြင် မြိတ်၊ ပုလော၊ တနင်္သာရီ၊ မောတောင်၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့်မြို့နယ်များတို့တွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်သူ များပြားပြီး အထွက်နှုန်းလည်း ကောင်းသလို အလုံးအရည်အသွေးလည်း ကောင်းမွန်ကြောင်းနှင့် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် တောင်သူအများစုက ဈေးကွက်ခိုင်မာစေချင်ကြောင်း သိရသည်။

 

“သီဟိုဠ်စေ့က ယခင်နှစ်ကထက် ဒီနှစ်ကစျေးကောင်းရရှိပါတယ်။ ထက်ဝက်လောက် စျေးနှုန်းမြင့်တက်လာပါတယ်။ ယခင်နှစ်က တစ်ပိဿာကို ငွေကျပ် ၄၀၀၀ လောက်ပဲရတယ်။ ယခုနှစ်မှာတော့ တစ်ပိဿာကို ငွေကျပ် ၈၀၀၀ ခန့် ပေါက်စျေးရရှိပါတယ်” ဟု ပလောက်မြို့ အမှတ်(၁)ရပ်ကွက်မှ သီဟိုဠ်စိုက်ခြံရှင် တစ်ဦးက ပြောသည်။

 

ယခင်နှစ်က မြို့ပေါ်စျေးကွက်အတွင်း သီဟိုဠ်စေ့တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ရှိပြီး ယခုနှစ်တွင် သီဟိုဠ်စေ့ပေါ်ချိန်တွင် တစ်ပိဿာကို ငွေကျပ် ၈၀၀၀ ပေါက်စျေးရရှိနေသည့်အတွက် သီဟိုဠ်ခြံရှင်များ အကျိုးအမြတ်ပိုမိုရရှိနေကြောင်း သိရသည်။

 

“သီဟိုဠ်ပင်က နှစ်ရှည်သီးနှံပင်အမျိုးဖြစ်ပါတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ဖို့ ကောင်းပါတယ်။ စီးပွားဖြစ်အနေနဲ့က စိုက်ပျိုးမယ်ဆိုရင် (၆/၇) နှစ်သားမှာ စခူးဆွတ်လို့ ရပါတယ်။(၇)နှစ်သားအထိ စိုက်ပျိုးထိန်းသိမ်းမှု ကုန်ကျစရိတ်က ငွေကျပ်(၂၀)သိန်းခန့် ကုန်ကျမှုရှိပါတယ်။ (၇)နှစ်သားအရွယ် တစ်ပင်ကို (၄)ပိဿာခန့်ရရှိပါတယ်။ တစ်ဧကမှာ အပင်အရေအတွက်က (၆၉)ပင်ရှိပါတယ်။ တစ်ဧက တစ်နှစ်အထွက်နှုန်းက (၂၇၆)ပိဿာခန့် ထွက်ရှိပြီး တစ်ဧက တစ်နှစ်ဝင်ငွေအနေနဲ့ (၂၂)သိန်းခန့် ရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနကလည်း သီဟိုဠ်စိုက်တောင်သူတွေကို သီဟိုဠ်စိုက်ပျိုး၊ ထုတ်လုပ်နည်းပညာပေး ကွင်းသရုပ်ပြခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီဟိုဠ်ပင်စိုက်ပျိုးတဲ့အခါမှာ ကုန်ကျစရိတ်သက်သာပါတယ်။ ခြံစည်းရိုးကာရံခြင်း၊ ခြံရှင်းတောခုတ်ခြင်း စရိတ်လောက်ပဲရှိပါတယ်” ဟု ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ပြောသည်။

 

ပလောက်မြို့တွင် စီးပွားဖြစ်စိုက်ပျိုးထားသည့် သီဟိုဠ်ပင် စိုက်ပျိုးဧကပေါင်းမှာ (၃၈၈၈)ဧကရှိပြီး တစ်ဧကအထွက်နှုန်း အနေဖြင့် (၂၇၆)ပိဿာခန့်ထွက်ရှိကြောင်း ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ပြောသည်။

 

သီဟိုဠ်ပင်များကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နှင့် ပလောက်မြို့၊ မောတောင်မြို့တို့အပြင် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်များတို့တွင်လည်း သီဟိုဠ်စေ့အပင်များကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)