ပါကစ္စတန်နိုင်ငံတွင် ရေဘေးကြောင့် ၁၆၃ဉီး သေဆုံးပြီး ကျေးရွာအများအပြား ရေဘေးသင့်

၃၁ ဩဂုတ်

 

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဂျဟန်ခရိုင်တွင် တနင်္ဂနွေနေ့ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ သိသိသာသာ မြှင့်တက်လာခဲ့ပြီးနောက် ရေကြီးခဲ့ရာ အနည်းဆုံး ရွာပေါင်း ၃၀ ခန့် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသန္တရ မီဒီယာများနှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဂျေဟီလမ်မြစ်၏ မြစ်ရေများ မြှင့်တက်လာမှုကြောင့် ကျေးရွာများတွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ဒေသခံများသည် ၎င်းတို့၏ တိရစ္တာန်များနှင့်အတူ ဘေးလွှတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း  ဒေသန္တရ ရုပ်သံလိုင်း တစ်ခုက ဖော်ပြခဲ့သည်။

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ကြီးများနှင့် ကျေးလက်ဒေသများ၌ ဆိုးရွားစွာ ခံစားခဲ့ရပြီး ဆင်းပြည်နယ် အပါအဝင် ခရိုင် ၂၀ တွင် ရေကြီးမှု ဘေးဒဏ်များ ခံစားခဲ့ရကြောင်း ဆင်းပြည်နယ် အစိုးရက ကြေညာခဲ့သည်။

 

 

မုတ်သုံမိုးကြောင့် မြို့တော်ကရာချိနှင့် ဆင်းပြည်နယ် တစ်လွှားတွင် အကြီးအကျယ် ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

 

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကတည်းက မုတ်သုံမိုးကြောင့် မိုးသန်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ပါကစ္စတန်နိုင်ငံ မိုးလေဝသဌာနက အစောပိုင်း ကတည်းက ထုတ်ပြန်ခဲ့သည်။

 

 

တနင်္ဂနွေနေ့ ညနေပိုင်းမှစပြီး အင်္ဂါနေ့အထိ ပါကစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင်  မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ၏ အထက်ပိုင်း ဒေသများသို့ မုတ်သုံမိုး ချဉ်းကပ်လာဖွယ်ရှိပြီး တနင်္လာနေ့မှ အင်္ဂါနေ့အထိ ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

 

ဇွန်လ ၁၅ ရက် နောက်ပိုင်းမှစပြီး ယနေ့အချိန်အထိ မိုးသန်းစွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၆၃ ဉီး သေဆုံးခဲ့ပြီးနောက် လူပေါင်း ၁၀ဝ ကျော်မှာ ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်များလည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်များက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်