ဇန်နဝါရီ ၂၀

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ပြင်းအားအလယ်အလတ်ငလျင်လှုပ်ခတ်မှုကြောင့် တစ်ဦးထက်မနည်းသေဆုံးပြီး အိမ်ခြေများစွာ ပျက်စီးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် ပြင်းအား ၅ ဒသမ ၈ ပမာဏရှိပြီး အနက် ၁၀ ကီလိုမီတာရှိကာ ၎င်း၏ဗဟိုချက်သည် အနောက်မြောက်ပိုင်း ကက်ရှ်မီးယားတွင် တည်ရှိသည်ဟု မိုးလေဝသဌာနကပြောကြားခဲ့သည်။

 ငလျင်လှုပ်ခတ်နေစဉ် လမ်းပေါ်ရှိ ကျောက်တုံးများ ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်-ဘောလ်တစ်စတန်ဒေသ၏ ပြန်ကြားရေးဝန်ကြီး ဂူလမ်အဘတ်စ်က ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့သည်။ တောင်တန်းဒေသ၏ နေရာအသီးသီးတွင် ရွှံ့အိမ်များစွာ ပြိုကျပျက်စီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ငလျင်ကြောင့် မြေပြိုမှုများဖြစ်ပွားကာ လမ်းများနှင့် လမ်းကြောင်းများစွာ ပိတ်ဆို့နေပြီး အစိုးရအေဂျင်စီများသည် အပျက်အစီးများကို ရှင်းလင်းရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို ပြန်လည်ထူထောင်ရန် စက်ယန္တရားများ ဖြန့်ချထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံ၏ မြို့တော် အစ္စလာမာဘတ်၊ ပက်ရှဝါ၊ ဆွက်နှင့် မာဒန်ကဲ့သို့သော အနောက်မြောက်ပိုင်းဒေသများအပြင် ဂီလ်ဂစ်-ဘောလ်တစ်စတန်၏ အစိတ်အပိုင်းအချို့အပါအဝင် ကျယ်ပြန့်သောနေရာများတွင် တုန်ခါမှုများကို ခံစားခဲ့ရပြီး အဆောက်အအုံများမှ ထွက်ပြေးလာသော ဒေသခံများကြားတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို