အစ္စလာမာဘတ်     အောက်တိုဘာ     ၇

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်တွင် အောက်တိုဘာ ၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့်  ခရီးသည်တင်ရထား၏  အတွဲလေးတွဲ လမ်းချော်ကာ  လေးဦးဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

နိုင်ငံ၏အနောက်မြောက်ပိုင်း  ခိုင်ဘာပတ်တွန်ခွာပြည်နယ်မှ Jaffer Express ရထားသည် အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်သို့ ဦးတည်ခုတ်မောင်းလာစဉ် Shikarpur ခရိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  ပါကစ္စတန်မီးရထားဌာနက  ပြောကြားသည်။ ဒဏ်ရာရသူ များကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း  သတင်းရင်းမြစ်များက ပြောကြားသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာတွင်ပိတ်ဆို့ထားပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

လက်ရှိအချိန်တွင် ရထားလမ်းကို ခေတ္တပိတ်ထားပြီး  ပြန်လည်ပြင်ဆင်ပြီးသည့်အချိန်တွင် ရထားပြန်လည်ပြေးဆွဲမည်ဟု တာဝန်ရှိသူများက ပြောသည်။          

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ