ပါကစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် လူ ၁၈ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

ဇွန် ၁၁

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီတန်ပြည်နယ် ကတ်ဇ်ဒါခရိုင်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့မနက်တွင် ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

အဆိုပါ ဘတ်စ်ကားသည် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ဆိုသည်။

 

ဒဏ်ရာရရှိသူများကို ကတ်ဇ်ဒါခရိုင် ဒေသန္တရဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ယင်းဒဏ်ရာရရှိသူများအနက် ခြောက်ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

 

ထိုဘတ်စ်ကားသည် ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းရှ်ပြည်နယ် လာကာနာခရိုင်မှ ကတ်ဇ်ဒါခရိုင်သို့ မောင်းနှင်လာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ပါကစ္စတန်နိုင်ငံတွင် လမ်းများဆိုးရွားခြင်း၊ ယာဉ်ကြံ့ခိုင်မှုမကောင်းခြင်းနှင့် ယာဉ်မောင်းနှင်ရာတွင် ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများမကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို