ပါကစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုနှစ်ခုဖြစ်ပွားသဖြင့် လူ ၁၁ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

ဩဂုတ် ၈

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ယာဉ်မတော်တဆမှုနှစ်ခုဖြစ်ပွားခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

 

နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဟာဖီဇာဘတ်ခရိုင်တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ကာ ရေမြောင်းအတွင်းသို့ပြုတ်ကျခဲ့သဖြင့် လူ ၁၀ ထက်မနည်းသေဆုံးပြီး အခြား လူ ၂၀ ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါမတော်တဆမှုသည် ဂျာလာပါဘတ်တီရန်မြို့တွင် ဩဂုတ်လ ၆ ရက်က ယာဉ်အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့က ထိုဘတ်စ်ကားကို ကရိန်းအကူအညီဖြင့် ရေထဲမှဆွဲတင်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

အခြားယာဉ်မတော်တဆမှုတစ်ခုမှာ ပါကစ္စတန်တို့ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားခရိုင် နီလမ်တောင်ကြားတွင် ကားတစ်စီးကတိုက်မိပြီးနောက် ကားသုံးစီး တိမ်းမှောက်ခဲ့သဖြင့် လူတစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်။

 

ထိုယာဉ်လေးစီးစလုံးပေါ်ပါခရီးသည်များသည် နိုင်ငံခြားခရီးသွားများဖြစ်ပြီး ကားများအောက်တွင် ပိတ်မိနေကာ ယင်းယာဉ်မတော်တဆမှုတွင် ထိခိုက်၊ သေဆုံးခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို