ပါကစ္စတန်နိုင်ငံ၌ ကားတစ်စီးမီးလောင်ကျွမ်းမှုကြောင့် ငါးဦးသေဆုံး

ဇွန် ၈

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က ကားတစ်စီးမီးလောင်ကျွမ်းမှုကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် ယာဉ်မောင်းဖြစ်သူ၏ အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ထိုယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ဆီတိုင်ကီပေါက်ကွဲမှုဖြစ်ကာ ကားတစ်စီးလုံးမီးလောင်ကျွမ်းမှုကြောင့် ကားအတွင်းရှိ လူငါးဦးစလုံး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောသည်။

 

ကယ်ဆယ်ရေးအဖွဲ့က ထိုအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ဆွေမျိုးများထံသို့ လွှဲပြောင်းပေးခဲ့ကြသည်။

 

ပါကစ္စတန်နိုင်ငံတွင်  ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများချိုးဖောက်မှုနှင့် လမ်းများကောင်းမွန်မှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ပြောကြားချက်အရ ယာဉ်မောင်းများ၏အမှားကြောင့်ဖြစ်ပွားသော ယာဉ်မတော်တဆမှုသည် ယာဉ်မတော်တဆဖြစ်ပွားမှုစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းရှိကြောင်း၊ လမ်းများကောင်းမွန်မှုမရှိခြင်းကြောင့် ဖြစ်ပွားသောယာဉ်မတော်တဆမှု ၂၈ ရာခိုင်နှုန်းနှင့် ယာဉ်များကြံ့ခိုင်မှုမရှိခြင်းကြောင့် ဖြစ်ပွားသောမတော်တဆမှု ၅ ရာခိုင်နှုန်းတို့ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို