အစ္စလာမ္မာဘတ်  ဇန်နဝါရီ  ၂၁

ပါကစ္စတန်နိုင်ငံတောင်ပိုင်း   ဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချီမြို့တွင်   ဈေးဝယ်စင်တာမီးလောင်မှုမှ သေဆုံးသူပေါင်း ၆၀ အထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားသည်။

အထပ်မြင့်အဆောက်အအုံ၏   ဆိုင်ခန်းတစ်ခုအတွင်းမှ  ရုပ်အလောင်း  ၃၀  ထက်မနည်း   ထပ်မံတွေ့ရှိခဲ့သောကြောင့်    သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။

လူပေါင်းအများအပြားမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့ကို ရှာဖွေတွေ့ရှိရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့အကြီးတန်းအရာရှိ ဆေယက် အာဆတ်ရာဇာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ခေတ်မီစက်ယန္တရားကြီးများ အသုံးပြုကာ ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်နေကြောင်းနှင့် အဆောက်အအုံ၏ ပြိုကျအပိုင်းများမှ အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်သားများမှာ   ပျက်စီးသွားသော အဆောက်အအုံအတွင်းမှ မီးခိုးနှင့်  အပူရှိန်များကြောင့် အဆောက်အအုံ၏ အချို့နေရာများသို့ ရောက်ရှိရန် အခက်အခဲများနှင့်  ရင်ဆိုင်ကြုံတွေ့နေရကြောင်း   ဆေယက်အာဆတ်ရာဇာက  ပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအမှန်ကို သိရှိနိုင်ရန်အတွက် အာဏာပိုင်များသည် ဖြစ်နိုင်ခြေရှိသော  အကြောင်းအရင်းအားလုံးကို စစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကရာချီကော်မရှင်နာ ဆေယက်ဟာဆန်နက်ဗီက ပြောသည်။                    

ဆင်ဟွာ