ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၀ သေဆုံး

၂၂ ဇူလိုင်

 

 

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဇူလိုင် ၂၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၀  သေဆုံးခဲ့ကြောင်း ဒေသန္တရ မီဒီယာက ဖော်ပြခဲ့ကြသည်။

 

 

ပြည်နယ်၏ နေရာအနှံ့အပြားတွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် အိမ်များမှ ခေါင်မိုးများပြိုကျသည့် ဖြစ်စဉ်များကြောင့် လူအများအပြားမှာ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။

 

 

Faisalabad ခရိုင် Tandlianwala ဧရိယာ အတွင်းရှိ မိုးရွာသွန်းသဖြင့် အိမ်ခေါင်မိုးတစ်လုံး ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ခုနှစ်ဉီး သေဆုံးခဲ့သည်။

 

 

Faisalabad ရှိ ဆင်ခြေဖုံး မြို့တစ်မြို့တွင် အိမ်ခေါင်မိုးပြိုကျမှုကြောင့် စုစုပေါင်း ၁၁ ဉီး သေဆုံးခဲ့သည်။

 

 

ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြပြီး အချို့မှာ အရေးပေါ် အခြေအနေဟု သိရသည်။

 

 

အဆိုပါ သေဆုံးမှုများနှင့် ပတ်သက်ပြီး ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ အူမန်ဘူဒါက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

 

နိုင်ငံ၏ ဒေသအသီးသီးတွင် မိုးများသည် ပြတ်တောင်းပြတ်တောင်း ရွာလျက်ရှိပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ မြေနိမ့်ပိုင်းဒေသများ ရေကြီးခြင်းနှင့် လမ်းများအကြား ရေလျှံမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများသည် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်