ဇန်နဝါရီ ၂၀

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၏ မြို့တော်ကရာချီမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ရာ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ပျက်စီးမှုများပြားခဲ့သော Gul Plaza အဆောက်အအုံတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိကြောင်း အစိုးရပိုင် Rescue 1122 က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆောက်အအုံ၏ အစိတ်အပိုင်းများစွာ ပြိုကျသွားသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများ ပိုမိုများပြားလာနိုင်သည်ဟု ဖော်ပြထားသည်။

MA Jinnah လမ်းမပေါ်ရှိ အထပ်များစွာပါ ဈေးဝယ်စင်တာတစ်ခုဖြစ်သည့် Gul Plaza တွင် ဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်ရှိပြီး ဇန်နဝါရီ ၁၇ ရက်ညနှောင်းပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၈ ရက်နေ့တွင် ၂၄ နာရီကျော်ကြာ မီးငြှိမ်းသတ်ပြီးနောက် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့သည်။

ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ်က ထိုမီးလောင်ကျွမ်းမှုတွင် လူ ၆၅ ဦးကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ဝမ်းနည်းကြေကွဲရပါကြောင်း သေဆုံးသူများ၏မိသားစုများကိုရည်ညွှန်း၍ ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရအနေဖြင့် သေဆုံးသူတစ်ဦးချင်းစီ၏မိသားစုအား ပါကစ္စတန်ရူပီး ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၆၀၀၀ ခန့်) လျော်ကြေးပေးမည်ဟု ၎င်းကဆိုသည်။

မီးလောင်မှု၏ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း အစောပိုင်းတွင် လျှပ်စစ်ဝါယာကြိုး ပြတ်တောက်မှုကြောင့် ဖြစ်ပွားခဲ့သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို