ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌  ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပပေး

ပိုင်ကျုံ ဖေဖော်ဝါရီ ၂၇

 

ကရင်ပြည်နယ် ဘာအံခရိုင် ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ကြသည့် လူငယ်လူရွယ်များအား ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပပေးခဲ့သည်။

 

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသားလူငယ်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲဖြစ်သည့် ကြိုးခုန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲနှင့် ဖန်ခုန်တမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။ 

 

ယင်းပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ခဲတံများ ပေးခဲ့ပြီး အာဟာရမုန့်များကျွေးခဲ့သည်။ ပြိုင်ပွဲများကို အပတ်စဉ်‌ စနေနေ့တွင် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။  

 

နော်ခူး(ပြန်/ဆက်)