ဖြူးမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

 

ဖြူး အောက်တိုဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို  ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသက် (၁၅) နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် (၅) နှစ်မှ အသက် (၁၈) နှစ်အထိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့နှင့် ညောင်ပင်သာကျေးရွာတို့တွင် အသက် (၁၈) နှစ်နှင့် အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ (၆) လနှင့်အထက်ရှိသူများအား   ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

ထိုသို့ထိုးနှံရာတွင်  မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး  အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များအား ဆက်လက်ကြိုတင်ကာကွယ်နိုင်ရေး  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေး ဆရာမများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် ချိန်ပေးပြီး ကာကွယ်ဆေးထိုးနှံခြင်း၊ စာရင်းကောက်ခြင်းနှင့် ဆေးထိုးပြီးပါက  ခေတ္တနားစေခြင်းတို့ကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဖြူးမြို့နယ်အတွင်း ထပ်ဆောင်းကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခြင်း၊ အချိန်တိုအတွင်း ပြည်သူများ ပိုမိုထိုးနှံနိုင်စေရေးအတွက် ဈေးရောင်း ဈေးဝယ်များအတွက် ဈေးအတွင်းပိုင်းများတွင် ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)