ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်ငါးနှစ်မှ ၁၁ နှစ် အရွယ်ကလေးများ ထိုးခွင့်ပြုရန် အက်ဖ်ဒီအေ ခွင့်ပြု

နယူးယောက် အောက်တိုဘာ ၃၁

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ)သည် ဖိုက်ဇာကိုဗစ် -၁၉ ကာကွယ်ဆေးကို အသက်ငါးနှစ်မှ ( ၁၁နှစ်အရွယ်ကလေးများအတွက် အရေးပေါ် အခြေအနေဆိုင်ရာ သုံးစွဲခွင့်ကို ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်ကို အောက်တိုဘာ ၂၉ ရက်တွင် ချမှတ်ခဲ့သည်။ ကာကွယ်ဆေး ထိုးနှံပေးနိုင်မည့် အသက်အုပ်စုကို သတ်မှတ်ထောက်ခံချက်ပေး ရန် အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာမှ အကြံပေး ပညာရှင်များသည် လာမည့် နိုဝင်ဘာ ၂ ရက်တွင် တွေ့ဆုံကာ ဆုံးဖြတ်သွားရန် မျှော်လင့်ထားသည်။

လူကြီးများကဲ့သို့ပင် ကလေးများသည်လည်း ကာကွယ်ဆေး ထိုးရာတွင် ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပြီး သုံးပတ် အကြာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်လိုအပ်မည် ဖြစ်သည်။

ကလေးများကို ကာကွယ်ဆေးပေးရာတွင် ၁၀ မိုက်ခရိုဂရမ် သို့မဟုတ် အသက် ၁၂ နှစ်နှင့် အထက်များကိုပေးသည့် ဆေးပမာဏ၏ သုံးပုံ ပုံလျှင် တစ်ပုံသာပေးမည်ဟု သိရသည်။

အမေရိကန် ပြည်ထောင်စုတွင် အသက်ငါးနှစ်မှ ၁၁ နှစ်ကြား ကလေး ၈၃၀၀ နီးပါးမှာ ကိုဗစ်၁၉ ကူးစက်မှုကြောင့် ဆေးရုံတက်ရောက်ကာ ကုသမှုခံယူနေရသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။

ကလေးငယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကူးစက်မှုများကို ထိန်းချုပ်ရာတွင် အကူအညီ ဖြစ်မဖြစ် စိတ်ဝင်စားနေကြသည်။

အင်န်အိတ်ချ်ကေ