ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် အဆင့် (၄) ရရှိ

၂၃ မေ

 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် တရုတ်နိုင်ငံရှိ Ar K Club က ကြီးမှူးကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဆင့်(၄) နေရာရရှိခဲ့သည်။

 

ယင်းပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲကျင်းပသည့် Ar K Club မှာ ဘုန်းမြင့်ကျော်ကို စပွန်ဆာပေးထားသည့် ကုမ္ပဏီလည်း ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ၃၂ ဦးအဆင့်၊ ၁၆ ဦးအဆင့်နှင့် ကွာတားဖိုင်နယ်အဆင့်တို့တွင် အနိုင်ရကာ ဆီမီးဖိုင်နယ်နှင့် တတိယလုပွဲတွင် အရေးနိမ့်ခဲ့သောကြောင့် အဆင့် (၄) နေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ 

 

ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် တရုတ်လက်ရွေးစင်ကစားသမားကို အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယင်းပြိုင်ပွဲ၏ ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့သည်။

 

ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် အုပ်စုနောက်ဆုံးပွဲကို မေ ၃၁ ရက်မှ ကစားရမည် ဖြစ်သောကြောင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

ဘုန်းမြင့်ကျော်သည် အဆင့် (၄) သာရရှိခဲ့သောကြောင့် မြန်မာငွေ ကျပ်လေးသိန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေသာ ရရှိခဲ့သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲအပြီးတွင် ရှန်ဟိုင်းမြို့၌ မေ ၂၃ ရက်မှ စတင်ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ko Ar Ti Facebook