ဖိလစ်ပိုင်နှင့် နောက်ဆုံးပွဲကို ဗိုလ်လုပွဲကဲ့သို့ ကစားမည်ဟု မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပြောကြား

 

 

ရန်ကုန်၊ မေ ၉

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်အွန်ဘိုင်နာက ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ဖိလစ်ပိုင်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲကို ဗိုလ်လု ပွဲကဲ့သို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် မေ ၇ ရက်က ယှဉ်ပြိုင်ကစားသည့် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့်ပွဲတွင် အနိုင်ရခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားပြီး မေ ၁၀ ရက်ကစားမည့် ဖိလစ်ပိုင်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရပါက ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဖြစ်သည်။

 

 ဒီနေ့ပွဲ အနိုင်ရလဒ် စွမ်းဆောင်ပေးတဲ့ ကစားသမားတွေအားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကစားပုံ အလွန်ကောင်းခဲ့ပြီး ဂိုးလည်းရခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကိုစနစ်တကျထိန်းပြီး ကစားနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကျွန်တော်တို့ ကစားသွားမှာပါ။ ဖိလစ်ပိုင်အသင်းကလည်း အမှတ်အလကားပေးမှာ မဟုတ်ဘူး။ သူတို့ ဖိအားမရှိဘဲ ကျွန်တော်တို့ကို ကစားမှာပါ။ ကျွန်တော်တို့မှာတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲချင်း သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့က အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရရှိမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားတို့ပွဲကို စိတ်ချလက်ချထိုင်ကြည့်နေလို့ရပြီ။ အနိုင်မရခဲ့ရင်တော့ အိမ်ရှင်အသင်းရဲ့ ပွဲစဉ်ကိုစောင့်ကြည့်နေရပါဦးမယ် ဟု မြန်မာ ယူ -၂၂ အသင်း နည်းပြချုပ် ဖိုက်အွန်ဘိုင်နာက ပြောကြားသည်။

 

အုပ်စု (က) တွင် အင်ဒိုနီးရှားအသင်းက ကိုးမှတ်ဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားပြီး မြန်မာအသင်းမှာမူ သုံးပွဲကစား ခြောက်မှတ်ရရှိထားသည်။

 

ရဲရင့်လွင်

ဓာတ်ပုံ - MFF