ဖိလစ်ပိုင်နိုင်ငံ၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဇွန် ၇

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏မြောက်ပိုင်း ဘူလာကန်ပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် အရှိန်မြင့်မောင်းနှင်လာသော SUV ကားတစ်စီးသည် နောက်တွဲယာဉ်ပါကုန်တင်ယာဉ်တစ်စီးနှင့်တိုက်မိမှုကြောင့် တောင်ကိုရီးယားနိုင်ငံသားသုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည်  လာလီဝါ့မြို့တွင် ဒေသစံတော်ချိန်မနက်စော ၂ နာရီဝန်းကျင်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ထိုယာဉ်မတော်တဆမှုကြောင့် ငါးဦးပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

 

ယာဉ်မောင်းအပါအဝင် ခုနစ်ဦးလိုက်ပါလာသော SUV ကားသည် မနီလာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဦးတည်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်လမ်းကြောရှိ ၂၂ ဘီးပါကုန်တင်ယာဉ်နှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့သည်။

 

၎င်းယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့သူများသည် မိသားစုဝင်များဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို့၏အားလပ်ရက်အပြီး လေဆိပ်သို့ ဉီးတည်သွားနေသူများဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို