ဖီဂျီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာသဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစီအမံများ ပြန်လည်ချမှတ်

ဇူလိုင် ၁

 

ဖီဂျီနိုင်ငံတွင် မကြာသေးမီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပိုမိုဖြစ်ပွားလာသဖြင့် ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဘေးကင်းရေးအစီအမံများကို ပိုမိုတင်းကျပ်စွာ ပြန်လည်ချမှတ်ခဲ့သည်ဟု သိရသည်။

 

ဖီဂျီနိုင်ငံတစ်ဝန်းရှိဆေးရုံများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အစီအမံများ ပိုမိုတင်းကျပ်ကာ ပြန်လည်ချမှတ်ရန် အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် အခြားသောလုပ်ငန်းခွင်များသို့လည်း ယင်းကဲ့သို့အစီအမံများတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းပြောကြားထားကြောင်း ဖီဂျီအသံလွှင့်ကော်ပိုရေးရှင်းက ယနေ့တွင် ထုတ်ပြန်ထားသည်။

 

ဖီဂျီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းခွင်များသို့လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဘေးကင်းရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင်သွားရန် အကြံပြုပြောကြားထားသည်ဟု သိရသည်။

 

ဖီဂျီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ထိုရောဂါကူးစက်ခံရသူများမှာ နိုင်ငံအလယ်ပိုင်းတွင် ၆၇ ဦး၊ အနောက်ပိုင်းတွင် ၅၃ ဦး၊ မြောက်ပိုင်းတွင် ၂၁ ဦးနှင့်  အရှေ့ပိုင်းတွင် ၁၇ ဦးတို့ ဖြစ်ကြသည်။

 

ဖီဂျီနိုင်ငံသည် တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်ကြောင်း၊ လူဦးရေ ၉၀၀၀၀၀ နီးပါးရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၆၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ် မတ်လတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပထမဆုံးတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်မှုနှင့် ဆက်စပ်ပြီးသေဆုံးသူ ၈၆၆ ဦး ရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို