ဖေ့စ်ဘွတ်ကုမ္ပဏီ Meta က ဝန်ထမ်း ၁၁၀၀၀ ကျော် လျှော့ချမည်

 

ဝါရှင်တန် နိုဝင်ဘာ ၁၀

 

ဖေ့စ်ဘွတ်ကုမ္ပဏီ Meta Platforms Inc. သည် ၎င်း၏ ဝန်ထမ်း  ၁၃ ရာခိုင်နှုန်း သို့မဟုတ် ဝန်ထမ်း ၁၁၀၀၀ ကျော်ကို လျှော့ချမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

 

ယင်းသို့ လုပ်သားအင်အားလျှော့ချခြင်းသည် ကြော်ငြာစျေးကွက် သိသိသာသာ လျော့ကျလာခြင်း နှင့် ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သည့် ငွေကြေးဖောင်းပွမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပိုမိုထိရောက်မှုရှိသည့် ကုမ္ပဏီတစ်ခုဖြစ်လာစေရန် ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က ဆိုသည်။

 

အခြားကြိုးပမ်းမှုများတွင် ရုံးခန်းနေရာလျှော့ချခြင်း၊ အသုံးစရိတ် လျှော့ချခြင်းနှင့် ကုန်ကျစရိတ်လျှော့ချရန်အတွက် ပထမသုံးလပတ်သို့ အလုပ်ခန့်ထားမှုကို သက်တမ်းတိုးခြင်းတို့ပါဝင်ကြောင်း သိရသည်။

 

ယခင်က အမေရိကန်ဒေါ်လာ တစ်ထရီလီယံကျော်တန်ဖိုးရှိသော Meta သည် ယခုနှစ်အတွင်းမှာပင် ၎င်း၏တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးပြီးနောက် ယခုအချိန်တွင် ဒေါ်လာ ၂၅၆ ဘီလီယံတန်ဖိုးသာ ရှိတော့ကြောင်း သိရသည်။

 

ကုမ္ပဏီ၏ ကုန်ကျစရိတ်နှင့် အသုံးစရိတ်များသည် တစ်နှစ်လျှင် ၂၂ ဒသမ ၁ ဘီလီယံဒေါ်လာအထိရှိသည်။ ဆိုရှယ်မီဒီယာအသုံးပြုမှုနှင့် e-commerce မြင့်တက်မှုကို ဖြည့်ဆည်းနိုင်ရန် Meta ကုမ္ပဏီက ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့သည့် ကာလအတွင်း ဝန်ထမ်းအင်အား အများအပြား အသုံးပြုခဲ့ကြောင်း ဇူကာဘတ်က ပြောကြားသည်။ သို့သော် အွန်လိုင်းကုန်သွယ်မှုသည် ယခုနှစ်တွင် လျော့ကျလာခဲ့ပြီး ကပ်ရောဂါအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိသွားကာ ကြော်ငြာသူများနှင့် ဝယ်ယူသူဖောက်သည်များကလည်း ၎င်းတို့၏ အသုံးစရိတ်ကို လျှော့ချခဲ့သည်။

 

ထို့ပြင် TikTok ကဲ့သို့ ပြိုင်ဘက်အသစ်များထံမှ ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းကြောင့် Meta ၏ အဓိက ကြော်ငြာလုပ်ငန်းကို ထိခိုက်ခဲ့ကြောင်းလည်း ဇူကာဘတ်က ဆိုသည်။

 

ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှုအများအပြား ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ကုန်ကျခဲ့ပြီး ဝင်ငွေဆုံးရှုံးမှုသည် တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးလာမည်ဟု ခန့်မှန်းထားသည်။

 

Meta ကဲ့သို့ပင် အခြားသော နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Twitter ၊ Microsoft နှင့် Snap တို့သည်လည်း ဝန်ထမ်းအင်အား ထောင်ပေါင်းများစွာကို လျှော့ချခဲ့ကြောင်း သိရသည်။

 

ပိုင်ရှင်သစ်ဖြစ်သူ Elon Musk က Twitter ကုမ္ပဏီကို လွှဲပြောင်း ယူပြီးနောက်ပိုင်းတွင် Twitter ကုမ္ပဏီက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဝန်ထမ်းအင်အားထောင်ပေါင်းများစွာကို လျှော့ချခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အောင်ကျော်ကျော်