ဖောက်စွပ်ယာဉ်များ သံရည်ကြိုအပ်နှံစေပြီး စလစ် ထုတ်ပေးလျက်ရှိရာ လဝက်အတွင်း အစီး ၁၀ဝ ခန့်ရှိ

၁၇ အောက်တိုဘာ

 

ဖောက်စွပ်ယာဉ်များ သံရည်ကြိုအပ်နှံစေပြီး စလစ်ထုတ်ပေးလျက်ရှိရာ စတင်ထုတ်ပေးသည့် အောက်တိုဘာ ၁ ရက်မှ ၁၆ ရက်အထိ  အစီး ၁၀ဝ ခန့်ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ပြောသည်။

 

အဆိုပါ ဖောက်စွပ်ယာဉ်များကို သံရည်ကြိုအပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ထုတ်ပေးလျက်ရှိရာ လက်ရှိတွင် မှတ်ပုံတင်ဖျက်သိမ်းမိန့် ထုတ်ပြန်ပြီး ယာဉ်ပိုင်ရှင်များက လာရောက်အပ်နှံခြင်း မရှိသေးသည့် ယာဉ်ပိုင်ရှင် လက်ဝယ်ရှိအစီး ၁၄ စီး၊ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများတွင် ထိန်းသိမ်းထားသည့် ယာဉ်အစီး ၃၇ စီး၊ မှတ်ပုံတင် ဖျက်သိမ်းပြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ထိန်းသိမ်းထားသည့်ယာဉ်အစီး ၂၉ စီးနှင့်  အသစ်ထပ်မံတွေ့ရှိသည့်အစီး ၁၆ စီး ရှိပြီး စုစုပေါင်း ၉၆ စီးကို စလစ်ထုတ်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

 

ယခင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ- ၁၈(င) အရ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ပါရှိသည့်  မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခြင်း၊ မှတ်ပုံတင်မဲ့ ယာဉ်တစ်စီး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ ဖောက်စွပ်/ဖြတ်ဆက် ပြုလုပ်ထားခြင်းကြောင့် ဥပဒေနှင့်အညီ မလွှဲမရှောင်သာ တားဆီးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက် ခဲ့သော်လည်း လက်ရှိ အစိုးရလက်ထက်တွင်  ပြည်သူများ၏ နစ်နာချက်များကို စာနာထောက်ထားကာ ဖြေလျှော့ပေးခြင်း ဖြစ်ကြောင်း ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ပြောသည်။

 

"ဖောက်စွပ်ယာဉ်တွေက မော်တော်ယာဉ်ဥပဒေအရဆိုရင် ခွင့်ပြုချက်ရတာလည်း မဟုတ်ဘူး၊ ကြိုတင် ခွင့်ပြုချက် ယူတာလည်း မဟုတ်ဘူး၊ အစိတ်ပိုင်း မမှန်မကန် ပြောင်းတာဖြစ်တယ်၊ မှတ်ပုံတင်မယ့် ယာဉ်တစ်စီးကို ဒီလိုမျိုး အစားထိုးပြီးတော့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် မော်တော်ယာဉ်ဥပဒေအရ ဒါ မှတ်ပုံတင် ဖျက်သိမ်းကို ဖျက်သိမ်းရမှာဖြစ်ပါတယ်၊ ဒါပေမယ့် နိုင်ငံတော်ကနေပြီးတော့ ပြည်သူ့အစိုးရဖြစ်တဲ့အညီ ပြည်သူရဲ့ နစ်နာချက်တွေကို စာနာထောက်ထားပြီးတော့ အခုလို ဖြေလျှော့ထားခြင်းဖြစ်ပါတယ်"ဟု  ဦးလျန်ကျင့်မန်(ခ) ငမ်ခိုင်ပါးပါး က ပြောသည်။

 

ထိုသို့ မလွှဲမရှောင်သာ မှတ်ပုံတင်ဖျက်သိမ်း ဆောင်ရွက်ခဲ့ရသောကြောင့်  ယာဉ်ပိုင်ရှင် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများအတွက် အထိုက်အလျောက် သက်သာခွင့်ရရှိစေရေး၊ ယာဉ်သိမ်းဆည်းခံရသော ပြည်သူအများစုက အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ရယူလိုသည့် ဆန္ဒကို ဖြည့်ဆည်းနိုင်ရေး၊ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော  Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များအားလုံး အပြီးတိုင် ဖျက်သိမ်းနိုင်ရေးတို့ကို ရည်ရွယ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အောက်တိုဘာ ၁ ရက်မှစ၍ ဖြေလျှော့ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

ထို့ပြင် နောက်ပိုင်းကာလများတွင် အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော  Body Coach ဖောက်စွပ်/ဖြတ်ဆက် ယာဉ်များကို စစ်ဆေးတွေ့ရှိပါကလည်း ချက်ခြင်း သံရည်ကြိုအပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ"ဃ"(စလစ်) ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အသိပေးကြေညာထားသည်။

 

လက်ရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ဖောက်စွပ်ယာဉ် စတင်ဖမ်းဆီးသည့် ၂၀ဝ၇ ခုနှစ်ခန့်မှစ၍ ယခုနှစ် စက်တင်ဘာ ၂၃ ရက်အထိ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်အစီးရေ ၃၆၂ စီးရှိကြောင်း သိရသည်။

 

လက်ရှိ မြန်မာတပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေမှာ ဆယ်သိန်းကိုးသောင်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်မူ အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မော်တော်ယာဉ်အစီးရေသည် မြန်မာတစ်ပြည်လုံး၏ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။

 

Nyein Nyein