ဖားကန့်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၂ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  မေ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာအနီးတွင် ကျိန်မြင့်ထန် (ခ) အားကျုံးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ အနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ဟော်ကျင်ရှော့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မေ ၂၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင်   ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာနေ ကျန်ထိုက်ရင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လဝမ်၊ နိုင်လင်းအောင်ကို တွေ့ရှိရပြီး ၎င်းတို့ ၃ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၅၀  ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၃ နာရီ မိနစ် ၂၀ တွင်   ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ သရဖီ(၂)လမ်းနေ ဝေလင်းနိုင်(ခ) ဝေလင်း ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၇ ကီလို ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား