ပေါ်ဦးပေါ်ဖျား မြေထောက်ပဲသီးနှံများ တရုတ်ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်မြန်ဆန်

မန္တလေး ၁၅ ဇန်နဝါရီ 

ယခုနှစ်ဆန်းပိုင်းတွင် ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် မြေထောင်ပဲသီးနှံများ မန္တလေးဈေးကွက်အတွင်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်များ သွက်လက်မြန်ဆန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

5904

 

အဆိုပါမြေထောက်ပဲကို တရုတ်နိုင်ငံမှ နှစ်စဉ်မတ်လအတွင်းမှသာ စတင်ဝယ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင် ထူးခြားစွာဖြင့် ပေါ်ဦးပေါ်ဖျား ကာလမှာပင် စတင်ဝယ်ယူမှုများ ရှိလာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

“၂၀၂၀ နှစ်ဦးအစမှာ ပေါ်ဦးပေါ်ဖျား ထွက်ရှိလာတဲ့ ပဲတီစိမ်း(ရွှေဝါ)တွေ အရောင်းအဝယ်သွက်နေသလို အခါတိုင်း နှစ်တွေက ၃ လပိုင်းမှစပြီး ဝယ်ယူလေ့ရှိတဲ့ မြေထောက်ပဲတွေလည်း ဒီနှစ်မှာ ထူးထူးခြားခြား ပေါ်ဦးပေါ်ဖျား ကာလမှာပဲ တရုတ်ဝယ်လက်တွေက သွက်သွက်လက်လက်နဲ့ ဝယ်ယူနေကြတယ်။ ဒါ့အပြင် အခါတိုင်းနှစ်တွေမှာ တရုတ်နှစ်ကူးချိန်နီးလာရင် အရောင်းအဝယ်တွေ အေးစက်သွားပေမယ့် ဒီနှစ်မှာတော့ ဝယ်ယူမှုတွေ တုန့်ဆိုင်းလျော့ကျသွားခြင်း မရှိတာကို တွေ့ရတယ်။ ဒီလိုအခြေအနေက တောင်သူတွေနဲ့ ကုန်သည်တွေအဖို့ ရောင်းပန်းပွင့်တဲ့နှစ်လို့ ပြောလို့ရတာပေါ့။ ရှေ့လမှာလည်း မြေထောက်ပဲကို အိန္ဒိယနိုင်ငံက ပုံမှန်အတိုင်း ဝယ်ယူမှုတွေ ရှိလာအုံးမှာပါ”ဟု ၎င်းက ပြောသည်။

ထို့ပြင် ဈေးကွက်အတွင်း ဝယ်ယူမှုများ သွက်လက်နေသကဲ့သို့ ဈေးနှုန်းများအနေဖြင့်လည်း ယခင်နှစ်ကာလတူထက် မြေထောက်ပဲမှာ တစ်သောင်းကျော်မြင့်တက်၍ လက်ရှိ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၃၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပဲတီစိမ်းမှာ ယခင်နှစ်ကာလတူထက် တစ်သောင်းခွဲမြင့်တက်၍ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ နှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာ့ထွက်ကုန်ပဲမျိုးစုံအနက် မန္တလေးဈေးကွက်အတွင်း လက်ရှိအခြေအနေတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲလုံးဆန်၊ မြေပဲဆီဆန်၊ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညိုနှင့် ထောပတ်ပဲ၊ ပဲယင်း၊ ပဲဇီးကွက်၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ အထွက်တိုးပြောင်း(အနီ)နှင့် ပဲပုတ်စေ့များကို ဦးစားပေးဝယ်ယူလျက်ရှိသည်။

မြေထောက်ပဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမော်၊ ကသာ၊ ထီချိုင့်ဒေသများမှ ဧရာဝတီမြစ်ရေကျချိန်တွင် မြေနုကျွန်းများပေါ်၌ အောက်တိုဘာလအတွင်းမှ စတင်စိုက်ပျိုးကြပြီး ဆောင်းသီးနှံအဖြစ် ဇန်နဝါရီလတွင် စတင်ထွက်ရှိကြောင့်နှင့် ဖေဖော်ဝါရီလအတွင်း၌လည်း ချင်းတွင်းမြစ်ဝှမ်းဒေသများဖြစ်သည့် ကလေး၊ ကလေးဝမြို့နယ်များမှ ထွက်ရှိလာသည့် မြေထောက်ပဲများ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)