နေပြည်တော်၊ ၂၇ ဒီဇင်ဘာ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်မွန်းအုပ်စု၊ မြေတိုင်ကျေးရွာအနီးနှင့် ထီတမောင်း ကျေးရွာအနီးတို့တွင် ဘိန်းစိုက်ခင်း ဧက ၅၀ ကို ဒီဇင်ဘာ ၂၆ ရက်က သက်ဆိုင်ရာမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်ကျော်ညွှန့်၊ အမှတ်(၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး လင်းထွဋ်မြင့်၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဇော်ဌေးဦး၊ အမှတ် (၆၁၄) ဒုံးတပ်ရင်းမှ ဗိုလ်ကြီးအောင်ချိုသက်၊ ပင်လောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခွန်သိန်းဆွေ၊ မြို့နယ်မြေစာရင်း၊ မြို့နယ်စိုက်ပျိုးရေးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက်က ပင်လောင်းမြို့နယ်၊ ပင်မွန်းအုပ်စု၊ မြေတိုင်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေကျော်ခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၀ ဧက၊ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၅ ဧကနှင့် ထီတမောင်းကျေးရွာ အရှေ့တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၃ ပေကျော်ခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၅ ဧက၊ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧက၊ စုစုပေါင်း ဘိန်းစိုက်ခင်း ဧက ၅၀ တို့ကို ဖျက်ဆီးခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်များအလိုက် ဘိန်းစိုက်ခင်းများကို ဖျက်ဆီးလျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၂၆ ရက်အထိ ဘိန်းစိုက်ခင်း စုစုပေါင်း ဧက ၆၃၉၈ ဒသမ ၃၀ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


