ပွဲဦးထွက်မှာပင် စံချိ်န်သစ်တင်လိုက်တဲ့ TXT

အေးပြည့်

လတ်တလောမှာမှ တေးဂီတလောကအတွင်း စတင်ခြေချ လာတဲ့ ကေပေါ့ပ်အမျိုးသားတေးဂီတအဖွဲ့ “TXT”ဟာ စတင်ထုတ်လွှင့်ခဲ့တဲ့ အဖွင့်တေးဗီဒီယိုနှင့်ပင် စံချိန်သစ်တင်နိုင်ခဲ့တာ တွေ့ရပါတယ်။ အဖွဲ့ရဲ့ ပထမဆုံးသော တေးဗီဒီယိုဖြစ်တဲ့ “Crown” ဟာ စတင်ထုတ်လွှင့်ခဲ့သည်မှ ၂၄ နာရီအတွင်း ကြည့်ရှုသူ အများဆုံးဖြစ်ခဲ့တ ဲ့ကေပေါ့ပ်အဖွဲ့တွေရဲ့ ပွဲဦးထွက် တေးဗီဒီယို ဖြစ်လာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပရိသတ်ရှေ့ရောက်လာဖို့ရာ အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရတဲ့ တောင်ကိုရီးယားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “TXT”ဟာ ပြီးခဲ့တဲ့ မတ် ၄ ရက်မှာ အဖွဲ့ရဲ့ပွဲဦးထွက် တေးဗီဒီယို “Crown” ကို ထုတ်လွှင့်ပေးခဲ့ပြီး အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်ရှေ့ အရောက်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့သည်မှ ၂၄ နာရီအတွင်း ကြည့်ရှုသူပရိသတ် ၁၄၄၉၃၃၇၈ ဦး ရှိခဲ့ပြီး ဒါဟာ ကေပေါ့ပ်အဖွဲ့တွေရဲ့ ပွဲဦးထွက် တေးဗီဒီယိုတွေအနက် ကြည့်ရှုသူအများဆုံး ဖြစ်ခဲ့ကာ အဖွင့်မှာပင် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခင်က ကြည့်ရှုသူ ပရိသတ်အများဆုံး ပွဲဦးထွက်တေးဗီဒီယိုအဖြစ် ITZY” ရဲ့ “Dalla Dalla” တေးဗီဒီယိုက စံချိန်တင်ထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“Crown” တေးဗီဒီယိုနဲ့အတူ အဖွဲ့ရဲ့ ပထမဆုံးသော တေးအယ်လ်ဘမ် “The Dream Chapter: STAR” ကိုလည်း ထုတ်လွှင့်ပေးခဲ့ပါတယ်။ “Crown” ကတော့အဆိုပါတေးအယ်လ်ဘမ်ရဲ့ ခေါင်းစီးတေးတစ်ပုဒ်ဖြစ်ပြီး ပထမဆုံး ထုတ်လွှင့်ခဲ့တဲ့ တေးဗီဒီယိုလည်း ဖြစ်ပါ တယ်။ “Crown” မှာတော့ ဆယ်ကျော်သက်တစ်ဦးရဲ့ နာကျင်ခံစားရတဲ့ ခံစားချက်တွေ ကြီးထွားလာရတဲ့အကြောင်း ရေးဖွဲ့ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

“The Dream Chapter: STAR” တေး အယ်လ်ဘမ်ဟာလည်း စတင်မထုတ်လွှင့်မီကပင် ကြိုတင်မှာယူမှုတွေ များခဲ့ပါတယ်။ ဒါ့အပြင် စတင်ထုတ်လွှင့်ပေး ချိန်မှာလည်း ၂၄ နာရီအတွင်းမှာပင် iTunes တေးဂီတ ဇယားတွေမှာ ထိပ်ဆုံးကနေ နေရာရနေတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်းက အဆိုပါ တေးဂီတဇယားတွေရဲ့ ဒေသ ၄၄ ခုမှာ နံပါတ်တစ်နေရာမှာ ရပ်တည်နေကြောင်းလည်း သိရပါတယ်။

“TXT”မှာ အဖွဲ့ဝင်ငါးဦးပါဝင်ပြီး ဒီတေးဂီတ အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ စောင့်မျှော်နေရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ “TXT”ဟာ ကမ္ဘာကျော် ကေပေါ့ပ် အမျိုးသားတေးဂီတအဖွဲ့ “BTS” နဲ့ အေဂျင်စီ တစ်ခုတည်းအောက်မှာ လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ဘစ်ဂ်ဟစ်ထ်အန်တာတိန်းမန့်ရဲ့ “BTS” ပြီးနောက် ပထမဆုံး မွေးထုတ်ပေးလိုက်တဲ့ အမျိုးသား တေးဂီတအဖွဲ့လည်း ဖြစ်ပါတယ်။