ပဲတီစိမ်းဈေးကောင်းသော်လည်း အထွက်နှုန်းနည်းသောကြောင့် ပဲတီစိမ်းစိုက်တောင်သူများ တွက်ခြေမကိုက်

ညောင်ဦး  ၂၂ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ပဲတီစိမ်းစိုက် တောင်သူများ ပဲတီစိမ်း ဈေးကောင်းသော်လည်း ပဲတီစိမ်းအထွက်နှုန်း လျော့ကျခြင်းကြောင့် စိုက်ပျိုးစရိတ် ကာမိရုံသာ ပြန်လည်ရရှိကြောင်း ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။

ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းကို ဝါခေါင်လတွင် စတင်ကြဲပက်စိုက်ပျိုးခဲ့ပြီး ရက်ပေါင်း ၄၅ ရက်အကြာတွင် ပဲတီစိမ်း စတင်ဆွတ်ခူးရောင်းချရကြောင်း ပဲတီစိမ်းစိုက်တောင်သူ ဦးမြသိန်းက ပြောသည်။

“ပဲတီစိမ်းစိုက်တောင်သူများ အနေဖြင့် ပဲတီစိမ်းအပင်များ အောင်မြင်ဖြစ်ထွန်းသော်လည်း အပွင့်ပွင့်ချိန်တွင် ဖြုတ်ကောင်များ အဖူး၊ အပွင့်များ စုပ်ယူခြင်းကြောင့် သီးကင်းမတင်ခြင်း၊ သီးကင်းတင်ချိန်တွင်လည်း သီးကင်းများအား အရပ်အခေါ် ပိုးဟပ်လိပ်ပြာ စုပ်ခြင်းများကြောင့် အသီးမတင်ခြင်းများဖြစ်ကာ အထွက်နည်းခြင်းဖြစ်ကြောင်း” ဦးမြသိန်းက ပြောသည်။

ပဲတီစိမ်းတစ်တင်းလျှင် (၃၇၈၀၀)ကျပ်နှုန်း ရောင်းချရပြီး အဆိုပါဈေးနှုန်းမှာ ပဲတီစိမ်း စိုက်တောင်သူများ မျှော်မှန်းထားသည့် ဈေးနှုန်းဖြစ်ကာ ပိုးကျသည့်အတွက် စိုက်ပျိုးစရိတ် ကာမိရုံသာ ရရှိသည်ဟု ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

1

 

 

3