ပဲပုပ်မျိုးများ၏ အရည်အချင်းနှင့် စံချိန်စံညွှန်းများ ဖော်ဆောင်ရန် ပဲပုပ်မျိုး ၇ မျိုးကို သုတေသနပြုလုပ်

ရန်ကုန် ၁၃  သြဂုတ် 


သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် အရည်အသွေးကောင်းသည့် သီးနှံမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် ပဲပုပ်သီးနှံ၏ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများ ဖော်ဆောင်ရန် တရုတ်နိုင်ငံ Guangxi Institute of Standards and Technology (GXIST) ကရရှိသည့် ပဲပုပ်မျိုး ၇ မျိုးကို သုတေသနပြုလုပ် စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သိရသည်။


စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် တရုတ်နိုင်ငံမှ GXIST တို့ပူးပေါင်း၍ သီးနှံသုံးမျိုးဖြစ်သည့် ပြောင်း၊ ဖရဲနှင့် ပဲပုပ်သီးနှံများ၏ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများ ဖော်ဆောင်ရေးစီမံကိန်းအစီအစဉ်ဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ သုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုကွင်းတွင် ပဲပုပ်သီးနှံ၏ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများ ဖော်ဆောင်ရေး စမ်းသပ်ကွက်ကို စီမံကိန်းတာဝန်ခံ သုံးဦးဖြင့် သုတေသနပြု စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောကြားသည်။


ပဲပုပ်မျိုး ၇ မျိုးဖြစ်သည့် Guangxi - 105၊ Guangxi – 104၊ Guangxi - 6၊ GXSB -1၊ GXSB – 3၊ GXSB – 5၊ GXSB – 109 နှင့် ရေဆင်း ၁၄ (Check Variety) တို့ကို သုတေသနပြုလုပ် စိုက်ပျိုးထားခြင်းဖြစ်ပြီး သုတေသနပြုလုပ် စိုက်ပျိုးထားသည့် ပဲပုပ်မျိုးများ၏ ဒေသ၊ ရေ၊ မြေ၊ ရာသီနှင့် လိုက်လျောညီထွေရှိမှု၊ အပင်ကြီးထွား ရှင်သန်နိုင်မှု၊ ဆီထွက်ရာခိုင်နှုန်း၊ အာဟာရဓာတ် (ပရိုတင်းနှင့် အခြားသတ္ထုဓာတ်များ) ပါဝင်မှုများအပါအဝင် ဈေးကွက်ဝင် အရည်အသွေးကောင်းမွန်မှု စသည့် စံချိန်စံညွှန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ပဲပုပ်မျိုးများ၏ စံချိန်စံညွှန်းများ ဖော်ဆောင်နိုင်ရေးအတွက် သီးနှံပင်စိုက်ပျိုးရန် မြေပြုပြင်သည်မှ သီးနှံပင်ပြုစုထိန်းသိမ်းခြင်း အပါအဝင် ရိတ်သိမ်းပြီး သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်သို့ ရောက်သည့်အဆင့်အထိ သုတေသန မှတ်တမ်းများကို စနစ်တကျ ဆောင်ရွက်ရန် သုတေသန ပြုလုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သိရသည်။


ပဲပုပ်၊ ပြောင်းနှင့် ဖရဲသီးနှံအပါအဝင် စိုက်ပျိုးသီးနှံတို့၏ အရည်အချင်း စံချိန်စံညွှန်း ဖော်ဆောင်ရာတွင် နည်းပညာဆိုင်ရာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာမူများ ချမှတ်သွားမည့်အပြင် စိုက်ပျိုးရေးဆိုင်ရာ စံချိန်စံညွှန်း ဖော်ဆောင်ရေး သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအနေဖြင့် ဈေးကွက်ဝင်၊ စံချိန်စံညွှန်း ပြည့်မီသည့် အရည်အသွေးကောင်း သီးနှံမျိုးများကို စိုက်ပျိုးထုတ်လုပ် လာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။


သူရိန်ကျော် 

 

1