ပဲလေ့စ်တိုက်စစ်ကစားသမား ဇာဟာ ကို အဲဗာတန်နှင့် စပါးအသင်းတို့ ခေါ်ယူရန် ဆန္ဒရှိနေ

ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းနှင့် စပါးအသင်းတို့သည် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ခရစ္စတယ် ပဲလေ့စ်တိုက်စစ်ကစားသမားဇာဟာကိုခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ တိုက်စစ်ကစားသမား ဇာဟာကိုယ်တိုင်အသင်းမှ ထွက်ခွာလိုကြောင်း ဆန္ဒရှိ နေသည့်အတွက် ပဲလေ့စ်အသင်းအနေဖြင့် အဆိုပါကစားသမားကို ထိန်းထားရန် မလွယ်ကူကြောင်း လည်း ဖော်ပြထားသည်။

ထို့အပြင် တိုက်စစ်ကစားသမား ဇာဟာအနေဖြင့် ပဲလေ့စ်အသင်းမှ ထွက်ခွာရန်ဆန္ဒရှိနေသည့်အဓိက အကြောင်းအရင်းမှာ အသင်းနည်းပြ ရွိုင်းဟော့ဆန် ထွက်ခွာမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။ ရွိုင်းဟော့ဆန်သည် ပဲလေ့စ်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ပဲလေ့စ်အသင်းသည် ဟော့ဆန်၏ နေရာကို ဖရန့်လမ်းပတ်၊ ဟိုဝီနှင့် စတိဗ်ကူပါတို့ထဲမှ တစ်ဦးဦးဖြင့် အစားထိုးဖွယ်ရှိနေသည်။ ပဲလေ့စ်အသင်းမှ ကစားသမား ၁၅ ဦးသည် လာမည့်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ ထို့ကြောင့် ပဲလေ့စ်အသင်းအနေဖြင့် မည်သည့်နည်းပြကို ခန့်အပ်သည် ဖြစ်စေ အသင်းမှ ကစားသမားအများစု အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိနေသောကြောင့် အသင်းကို ပြုပြင် ပြောင်းလဲမှုများစွာ ပြုလုပ်ရန်ရှိနေသည်။

အဲဗာတန်အသင်းသည် ဇာဟာကို ၂၀၁၉ ခုနှစ်ကတည်းက ခေါ်ယူရန် စိတ်ဝင် စားနေပြီး အိုင်ဗရီကို့စ် ကစားသမားအတွက် နှစ်ကြိမ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇာဟာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုတွင် ငွေသား ပေါင်သန်း ၇၀ အပြင် ဆန့်တိုဆန်နှင့် ဂျိမ်းစ်မက္ကာသီတို့ကိုပါ အလိုက်ပေး ကမ်းလှမ်းခဲ့သော်လည်း ပဲလေ့စ်အသင်းက ပယ်ချခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဇာတာနှင့် ပဲလေ့စ် အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ နှစ်နှစ် ကျန်ရှိနေသေးသော်လည်း အဆိုပါ ကစားသမားအနေဖြင့် စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိကြောင်း သိရသည်။ အဆိုပါ ကစားသမားကို ခေါ်ယူ မည့်အသင်းများအနေဖြင့် ပေါင်သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူရရှိ နိုင်ကြောင်း သိရသည်။

စပါးအသင်းသည် အသင်းမှ အားထားရသည့် တိုက်စစ်မှူး ဟယ်ရီကိန်း ထွက်ခွာသွားပါက အဆိုပါ ကစားသမား၏ နေရာကို ဇာဟာဖြင့် အစားထိုးရန် ချိန်ရွယ်နေခြင်းဖြစ်သည်။ ဟယ်ရီကိန်းသည် အသင်း မှ ထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားသူ ဖြစ်သည်။ ဇာဟာသည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ပဲလေ့စ်အသင်းအတွက် ပွဲ ၃၀ ကစားထားပြီး ၁၁ ဂိုး သွင်းယူပေးထား သည်။

အောင်ဇော်