ပဲခူးတွင် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူး ၂၆ ဧပြီ

 

ပဲခူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပဲခူးခရိုင် ၈ မြို့နယ် အသက် (၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ယနေ့ နံနက်(၁၀) နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တက်ရောက်လာကြသော ပရိတ်သတ်များက နောက်ဆုံးဗိုလ်လုပွဲအဖြစ် သနပ်ပင် မြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူအား ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေးက လည်းကောင်း၊ ဒုတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းအား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဌေးက လည်းကောင်း၊ ပူးတွဲ တတိယဆုရရှိသော ဒိုက်ဦးမြို့နယ်အသင်းနှင့် ဝေါမြို့နယ် အသင်းတို့အား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာ ဒေါ်မိုးမိုးအောင် တို့ကလည်းကောင်း၊  တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ယင်းနောက် ပထမဆုရရှိသော ရွှေကျင်မြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပေးအပ်ချီးမြှင့်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုတို့အား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

 

အဆိုပါ ပဲခူးခရိုင် ၈ မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ ဝေါ၊ သနပ်ပင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ ရွှေကျင် စသည့်မြို့နယ်ပါဝင်ပြီး အုပ်စု(က)နှင့်(ခ)ခွဲကာ ဧပြီ(၂၅)ရက်နေ့မှ စတင်ကာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)