ပဲခူး ဧပြီ ၁၅
ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြတ်နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တို့သည် ပြည်သူများနှင့်အတူ ရေသဘင်ပွဲ ပါဝင်ဆင်နွှဲသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ စတုဒိသာမဏ္ဍပ်များ၌ ထမင်း၊ ဟင်း၊ မြန်မာမုန့်မျိုးစုံ၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်နှင့် အအေးမျိုးစုံ ကျွေးမွေးနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်များ၏ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမှုနှင့် မြန်မာ့ရိုးရာသင်္ကြန် ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် ၂၈ မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုင်ငံကျော် သရုပ်ဆောင် တေးသံရှင်များနှင့် DJ တီးခတ်ဖျော်ဖြေမှု၊ သင်္ကြန်ပွဲလာ ဧည့်ပရိသတ်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှဲနေမှု၊ မြူးကြွလှပသော ယိမ်းအကအဖွဲ့များ၏ သီဆိုကပြမှု၊ စေတနာရှင် ပြည်သူများ၏ စတုဒိသာကျွေးမွေး လှူဒါန်းမှုတို့သည် လမ်းလျှောက်သင်္ကြန်နှင့်အတူ အထူးစည်ကား ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


