ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြီး (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

ပဲခူး၊    ၁၂ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးဝင်းအတွင်း၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးလှမျိုးရွှေ၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နံနက် ၅ နာရီခွဲတွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်၍ အလေးပြုကြသည်။ 

 

mdn

 

ထို့နောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြသည်။

 

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

တင်စိုး(ပဲခူး)