ပဲခူး  ၂၅  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာ ၂၄ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီမံကိန်းလုပ်ငန်းတာဝန် ပေးအပ်ခြင်း အခမ်းအနားအား သီးခြားကျင်းပပြုလုပ်ခြင်းသည် သာမန်လုပ်ရိုးလုပ်စဉ် သဘောမျိုးမထားဘဲ တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ထူးခြားလေးနက်တဲ့ လုပ်ငန်းအဖြစ် ခံယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းပန်းတိုင်များ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များအပေါ်  အခြေခံပြီး ရေးဆွဲထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက နှစ်အလိုက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်မောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကဏ္ဍအလိုက်နှင့် ခရိုင်အလိုက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား လွှဲပြောင်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)